ထွားထွားငယ်ကြေ
အောင်လေဖူးပါစ
ဆီမလူး ပေဖူးစာနှင့်
အောင်လေဖူးပါစ
ဆီမလူး ပေဖူးစာနှင့်
လွမ်းမောလှိုက်ခုန်
ရင်ကြာမုံ
မလုံမလဲ
မျက်နှာရဲ
ဖေသိမှာလည်း ကြောက်တယ်တော့်။
မောင်ကြီးအကြောင်း
ယိမ်းနွဲ့ စောင်း
မောင်းထောင်းဆန်ပြာ စိတ်မပါ
ဖိတ်ကာသွားပေါ့  မေဆူတော့်။
သနပ်ခါးဖွေး
စံပယ်မွှေး
အတွေးလိပ်ပြာ
ရှက်သွေးဖြာ
လိမ်းကာခြယ်သ လွမ်းသတော့်။
မောင်လေးချော့သိပ်
ပုတီးစိပ်
အိပ်မယ့်အမေ
ချောင်းဟန့် နေ
သိလေပြီလား စိုးသတော့်။
ပန်းချုံနံဘေး
စောင့်မျှော်ငေး
မှုန်ရေးရုပ်သွင်
သျှောင်ကြီးရှင်
ထင်ရောင်ဝိုးဝါး မြင်တယ်တော့။
ရွက်ချင်းယှက်ထိ
စောင်းကြိုးညို
လှောင်ယိနေလား
စိတ်ကစား
လွမ်းဖျားရှည်ည များသတော့်။
စစ်မြင်းခွာသံ ရွာတောင်ယံ
ကြိမ်ဖန်နားကြား
ထင်ရောင်မှား
မောင်ကြီးလေလား ကြိုမိတော့်။
ရွာဦးစေတီ
လက်အုပ်ချီ
ဆီမီးပန်းကပ်
အပူဓာတ်
ရှုပ်ဇာတ်အရေး အေးစေတော့်။
ပြည့်ဝန်းသောလ
လှောင်ရယ်ည
သောကရေဆန် အထီးကျန်
မောင်ကြီး မြန်မြန် လှမ်းခဲ့တော့်။
ထွားထွားငယ်ကြေ
အောင်လေဖူးပါစ
ဆီမလူး ပေဖူးစာနှင့်
မှာလိုက်တဲ့ရှင်
အပျိုဖြူမယ့် မှာကျွမ်း
လွမ်းတုံ့ တင်လေး။ ။
မောင်နီဦး
မြတ်လေးမဂ္ဂဇင်း(၁၉၈၇)
တခါတလေ ပေါ့ပေါ့ပါးပါး လေးတွေ ဖတ်ရတာ ရင်ကိုလန်းဆန်းစေတာ အမှန်ပဲဗျာ့........
1 comment:
ဒီကဗျာလေး အရမ်းကောင်းတယ် ညလေး ကြိုက်တယ်။ အဲ့လိုမျိုးလေး ဖတ်ရတာ စိတ်ထဲ ရွှင်သွားတယ်။
ကိုယ်တိုင်ရေးလား သူများ ကဗျာလား ခွဲထားပါဦးနော်။ :)
Post a Comment