Monday 13 August 2007

ကိုယ်တွေ့ဟာသ

တစ်နေ့ပေါ့ ကျွန်တော်လည်း စာတွေ ကျက်ရ မှတ်ရတာ ပျင်းရိရိ ရှိတာနဲ့ ကျွန်တော့်တို့ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်ဆီ ခြေဦး လှည့်ခဲ့သည်။ လူကလည်း တော်တော်လေး ရှင်းနေသည်။ တပ်ထွက်တစ်ယောက် ဖွင့်ထားတဲ့ ဆိုင်ပါ။ သူ့မိန်းမက အဖျော်ဆရာ သူကစားပွဲထိုး အဆင်ကို ပြေနေတာပဲ။ ကျွန်တော်လည်း ကော်ဖီမစ် ပလိန်း တစ်ခွက် မှာပြီး သောက်နေမိသည်။ မိနစ် (၂၀) လောက်ကြာတော့ လူတွေလည်း ကျစပြုလာသည်။ ကျောင်းဆင်ချိန် အလုပ်သိမ်းချိန် ရောက်နေပြီးကိုး။ အတော်လေးကြာတော့ ဆိုင်ရှင်လင်မယားရဲ့ သားနှစ်ယောက်နှင့် သမီးသုံးယောက် ပြန်လာတာ ကျွန်တော်မြင် လိုက်ရသည်။ ဆိုင်ကလည်း လူအတော်လေး ကျစပြုနေပြီ။ ၄ တန်းလောက်ရှိမဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ၂ တန်းလောက် ရှိမဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ အငယ်ဆုံးသမီးလေးကတော့ တစ်တန်းလောက် ရှိမယ်လို့ ထင်ရတာပဲဗျာ။ အကြီးတွေကတော့ ဆိုင်လုပ် ၀ိုင်းကူပေါ့။ နောက်မှ ကျွန်တော်သတိထား မိတယ်။ ဆိုင်ဘေးက ပုခက်စင်လေး ထဲမှာလည်း ကလေးတစ်ယောက်။ အားပါးပါး တစ်ပိုင် တစ်နိုင် မွေးမြူရေးပါလား။ အဲဒီမှာ ပြဿနာ စတော့တာပဲ တစ်တန်းလောက်ရှိမဲ့ ကလေးမက

သမီး။ ။ မေမေ မနက်ဖြန် သမီးတို့ကျောင်းမှာ သစ်ပင်စိုက် ပွဲရှိတယ်။ မျိုးပင်တွေ ယူခဲ့ရမယ်တဲ့ အမေ…..။

အမေ။ ။ ဟဲ့ဟဲ့…မအားသေးဘူး နောက်မှပြော…။

သမီး။ ။ အမေက ပြီးရင် မေ့သွားမှာ ခုကတည်းကပြောမှ ရမှာ၊ ဆရာမကသေချာ ပြောလိုက်တာ ဟိုတစ်ခါ ပေးလိုက်တဲ့ မျိုးပင်တွေ မျိုးမအောင်ဘူးတဲ့၊ ဒီတစ်ခါ မျိုးအောင်တဲ့အပင် ပေးပါတဲ့…။

အမေ။ ။ ဟဲ့ဟဲ့…နင့်ဆရာမ ဒီလောက်တောင်မှ မျိုးအောင်ချင်ရင် နင့်အဖေသာ မနက်ဖြန် ခေါ်သွားတော့..၊ သွားသွား ဒီကလေးတွေရှုပ်ကို ရှုပ်တယ်။

ကလေးမက သူ့အမေကို ကြောင်စစ မျက်လုံးနဲ့ ငေးကြည့်နေသည် ။ ပြီးတော့

သမီး။ ။အမေ ဘာလို့ အဖေကို ဆရာမဆီကို ခေါ်သွားရမှာလဲ..။

အမေက ခြေမြန်လက်မြန်ဖြင့် လက်ဖက်ရည် ဖျော်ခွက်ကို သူ့သမီးခေါင်းကို ခေါက်လိုက်၏ ။

အမေ။ ။ သွားသွား ဒီကလေးတွေ အလုပ်များပြီဆို ရှုပ်ကိုရှုပ်တယ် ၊ ဟိုမေး ဒီမေးနဲ့ သွားသွား

ကလေးမသည် ငိုမဲ့မဲ့မျက်နှာဖြင့် ဆိုင်ပြင်ထွက်သွား လေသည်။ ဒါပါပဲ ကျွန်တော်လည်း ဒါမျိုးဆို သေချာမှတ်မိတာ ကျောင်းစာသာ မေ့ရင်မေ့မယ်။ အပျင်းပြေပေါ့။ ရယ်ရရင် တော့အမြတ်ပေါ့။ ပျော်ရွှင်ရယ်မော နိုင်ပါစေ….။

မောင်နေ

2 comments:

Thiha @ Zarchi said...

nice..try some more...

Beautifulmusic said...

နောက်လဲ ဒီလိုမျိုးဟာသလေးတွေ ဖတ်ချင်ပါတယ်
ထွေးငယ်
http://ngenge47.blog.com