Saturday, 13 September 2008

ဒဏ်ရာတွေနဲ့ခြေတစ်စုံ....

သူမနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်တာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီအင်တာနက် ဆိုတဲ့လမ်းမကြီး ပေါ်မှာပြန် တွေ့တာတော့ မကြာသေးပါဘူး။ ငယ်ငယ်ကျောင်းသား ဘ၀က သတိမထားမိ ခဲ့ကြပေမဲ့ ဒီလိုမိဝေး ဖဝေး ရေခြားမြေခြားအရပ်ကြီးမှာ အင်တာနက်ကြီး ကနေကျောင်းတူတူ
တက်ခဲ့ရတဲ့ သူမနဲ့ပြန် ဆုံခဲ့တယ်လေ။ နွေးထွေးတဲ့ပျော်ရွှင်မှု တွေပါတဲ့သူမရဲ့ အသံစူးစူးလေး ဟာအထီးကျန် ဆန်သော ကျွန်တော်ဘ၀ကို နွေးထွေးလန်းဆန်း ခဲ့ပါတယ်။ တစ်ပတ်မှာ တစ်ချိန်သာ တွေ့ရတဲ့အချိန် လေးဟာ ကျွန်တော်အတွက်တော့ တွယ်တာတန်ဖိုးထားမိတာ အမှန်ရိုးပါပဲ။ တစ်ယောက်နဲ့ တစ် ယောက်ရှေးဟောင်းနှောင်း ဖြစ်တွေပြောကြ၊ ကျောင်းသားဘ၀က ဟာသလေးတွေ ပြန်ပြောရင်း နဲ့ကျွန်တော်တို့ ဆုံတွေ့ချိန်လေး ဟာအမြဲလိုလို သစ်လွင်နွေးထွေးခဲ့ပါတယ်။ အတိုင်းအတာ တစ်ခု အထိသံယောဇဉ်တွယ်တာ မိတာတော့ အမှန်ပါပဲ။ သူမဘက်ကတော့ ကျွန်တော်မသိနိုင်ဘူးလေ။ မှတ်မှတ်ရရပါပဲဗျာ။ အဲဒီနေ့က အခန်းထဲစိုက်ထားတဲ့ပိန်းပင်လေးက အပွင့်လေးပွင့်လို့။ သူမနဲ့အ ပြင်မှာသာ တွေ့ရင်ဘာပန်းတွေ လက်ဆောင်ပေးရင် ကောင်းမလဲလို့ စိတ်ကူးတွေတောင်ယဉ်မိ နေသေးတယ်။ ကွန်ပျူတာပေါ်မှာ သူမ ရောက်ရှိပြီဖြစ်ကြောင်း အချက်ပြ အရောင်လေးက
မငြီးမ ငွေ့ စောင့်ဆိုင်းနေမိတယ်။ သူမရောက်လာ တော့သူမပြောတယ်။ ကျောင်းတုန်းက သူငယ်ချင်း တွေနဲ့တွေ့တော့ နင်အကြောင်း ပြောမိကြသေးတယ်။ သူတို့နင့်ကိုပြောကြတယ် သိလားဟာ။ နင်စိတ်မကောင်း မဖြစ်ပါနဲ့နော်။ ငါ့သူငယ်ချင်းက ပြောတယ်သိလား။ ကျောင်းတုန်းက ကျောင်းလာ ရင်ဖိနပ်တောင် မစီိးနိုင်တဲ့အကောင်ကိုများနင်ကရေးကြီးခွင် ကျယ်လုပ်လို့ စကားပြောနေသေး တယ်ဟာတဲ့။ ငါလည်းဘာမျှပြန် မပြောချင်တာနဲ့ ဒီအတိုင်းပဲနေလိုက်မိတယ်။ စိတ်ထဲမှာတော့ ဘယ်ကောင်းမလဲဟာ။ နင်စိတ်မကောင်း မဖြစ်ပါနဲ့ဟာ။ ငါစိတ်ထဲမှာတော နင်ကအကောင်းဆုံး သူငယ်ချင်းပါဟာ။ တစ်ပတ်မှာတစ်ခါသာ တွေ့ရတဲ့အချိန်လေးက ဒေါသစကားတွေ၊ ချေပချက်တွေနဲ့ အဆုံးမသတ်ချင်တာနဲ့ ကျွန်တော်က နင်မေ့လိုက်ပါဟာလို့ပဲ ပြောလိုက်တယ်လေ။ သူမသူငယ်ချင်းတွေ ပြောကြတာလည်း အမှန်ပါဘဲ။ ငယ်ငယ်၇တန်း၈တန်း ကျောင်းသားဘ၀အထိ ကျနော့်ခြေထောက်မှာ ရံဖန်ရံခါသာ ဖိနပ်ပါခဲ့တယ်။ သူတို့ပြောတာ မမှန်ကြောင်းလည်း မငြင်းပါဘူး။ ဒါပေမဲ့ငယ်ငယ်က ဖိနပ်မစီးနိုင်တာနဲ့ သူငယ်ချင်းပေါင်းခွင့် မရတော့ဘူးလား။ ဖိနပ်မစီးခဲ့ရတဲ့ခြေထောက် တစ်စုံရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေတယ်ဆိုတာ မသိပဲနဲ့ဘာလို့များ ဒီလိုပြောကြရတာလဲး။ ကျွန်တော်တို့အိမ်က မိသားစုများပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလဲ မတိမ်းမယိမ်းတွေဘဲလေ။ ကျွန်တော်ကဒုတိယသားပါ။ အကိုကြီးရှိပေမဲ့ သူကငယ်ငယ်ကတည်းက အဖွားအိမ်မှာဘဲ နေတာလေ။ အိမ်မှာတော့ ကျနော်က အကြီးဆုံးဖြစ်နေတာပေါ့။ ကျွန်တော်တို့အိမ်မှာ ဘယ်တော့မှ အယောက်အပြည့် ဖိနပ်မရှိခဲ့ပါဘူး။ အမေ၀ယ်ရင်လည်း အကုန်စီးလို့ရတဲ့ ကြက်ပေါင်ဖိနပ်သာ ဝယ်လေ့ရှိပါတယ်။ တစ်ခါတစ်ခါ ညီမအလတ်က မတော်တရော်တွေစီးပြီး ဖျောက်ခဲ့ကျန်ခဲ့တာတွေ ရှိသေးတယ်။ တော်တော်လည်း ကျပ်တည်းဆင်းရဲခဲ့ပါတယ်။ အဖေနဲ့ အမေက မနက်အလုပ်သွားရင် အိမ်ကိစ္စအ၀၀က ကျွန်တော်ပဲလုပ်ရတာပဲလေ။ သားယောင်္ကျားလေး မွေးထားတော့ ဒီလောက်တော့လုပ်နိုင်ရမှာပေါ့ဗျာ။ ဒါပေမဲ့ကျွန်တော်မိဘတွေက ကျွန်တော်တို့ ကို တစ်ယောက်မှမကျန် ကျောင်းထားတယ်လေ။ နေ့တိုင်းကျောင်းသွားခိုင်းတယ်။ ရွာကနေ တစ်နာရီလောက် လမ်းလျှောက်သွားရတယ်။ နောက်ဆုံးအိမ်က ထွက်တဲ့သူဟာ ဖိနပ်စီးရဖို့မသေချာပါဘုး။ ကျွန်တော်အလျင်အမြန် ထွက်ရင်ရပါတယ်။ ဒါပေမဲ့ကျွန်တော်အမြဲ အိမ်ကနောက်ဆုံးမှထွက်ပါတယ်။ ကျွန်တော်အိမ်က နောက်ဆုံးကထွက်ရမယ်လို့ ဘယ်သူမှ သင်မပေးသလို သင်ပေးစရာလည်း လိုမယ်မထင်ပါဘူးဗျာ။ ဒီလောက်တော့ သားအကြီးတစ်ယောက် ကသိရမှာပေါ့။ ဒီအတွက်ကြောင့် ကျွန်တော်ဖိနပ်မစီးပဲနဲ့ ကျောင်းသွားတယ်။ ကျောင်းတက်တယ် ဆရာတွေသင်တာ ခိုင်းတာလုပ်တယ်လေ။ ဘယ်သူကိုမှလည်း ဘာမှလုပ်ခဲ့ပါဘူးဗျာ။ ဒီဖိနပ်မစီးနိုင်တဲ့ ခြေတစ်စုံဟာလည်း ပညာတွေသင်ယူခဲ့ပါတယ်။
သူငယ်ချင်းရေ……
တစ်ခါတစ်ခါလေ..
လူတွေကိုးကွယ်ကြတဲ့အထဲမှာ…
ဖိနပ်တစ်ရံလည်းပါတယ်ကွာ……

ကျွန်တော်သူတို့ပြောတာ ၀မ်းလည်းမနည်းသလို စိတ်လည်းမတိုပါဘူး။ ဒါပေမဲ့ဗျာ ဘာဝတ်တာကိုပဲကြည့်ပြီး သူဘာတွေလုပ်နေတယ် ဘာတွေကြောင့် ဒီလိုဖြစ်ခဲ့တယ် မသိပဲနဲ့အရမ်း မပြောသင့်ပါဘူးဗျာ။ နောက်ဆုံးတော့လည်း ဆရာတော်ဦးဇောတိက ဟောသလို သူများပါးစပ်လှုပ်သလောက် မင်းစိတ်လှုပ်ရှားနေရင် မင်းဘ၀သူ့ပါးစပ်ထဲတင် လမ်းဆုံးနေပြီတဲ့။
ဒီလိုနဲ့ပဲဖိနပ်မစီးခဲ့ရတဲ့ ခြေတစ်စုံ ဆက်လက်ခရီးဆက်ခဲ့ပါတယ်။

မှတ်ချက်။ သူငယ်ချင်းတစ်ယောက်၏ ဖြစ်ရပ်မှန်ကို ပြန်ပြီး ခံစားရေးသားပါတယ်။ သူတို့နှစ်ယောက် အခုဆို အရမ်းကိုချစ်ကြတဲ့ ချစ်သူတွေဖြစ်နေကြပြီလေ။ တစ်ယောက်ကိုတစ်ယောက် အရမ်းနားလည်ကြတဲ့ ချစ်သူတွေပါ။ ပျော်ရွှင်ကြပါစေ။ ချစ်သူတိုင်းညားကြပါစေ။

မောင်နေ

Thursday, 21 August 2008

အချစ်ဦး.........

အပြောင်းအလဲမြန်တဲ့လောကကြီးဆို
ခုချိန်ထိတိုင်
သူမဟာ ဒီရင်ခွင်ကို
အဆင်းသိအချင်းသိတစ်ယောက်လို
ခိုဝင်လှုပ်ရှားနေတုန်းပဲလေ
ထာဝရစိုးမိုးနေဆဲ
ပါးပေါ်ကအကွက်ချိုင့်ချိုင့်လေး
ထိုအပေါ်ရနံ့မွှေးမွှေးအကွက်လေး
ငါတို့တွေဝေးသွားကြတာပါ
အဆက်အသွယ်မရအောင်
ဝေးသွားတာလေ
ဝိုးတ၀ါးအနာဂတ်ကြီးကြားမှာ
တစ်နေ့များတွေ့ကြလို့
ပြုံးနိုင်ကြလေမလား
အိပ်မက်ရွက်နုလေးတွေနဲ့
အိပ်မောကြနေပါရစေ
ခဏလေး ပဲဖြစ်ပါစေ
မေ့နိုင်ပါရဲ့လား..ဟာ
ခုလို
အိမ်ထောင့်ကစံပယ်တွေ
သင်းသင်းလေးရချိန်
အထီးကျန်ငါ့အတွက်
လမင်းကြီးရေ
သူမရဲ့ဆံနွယ်စပ်ကနဖူးစစကို
အနမ်းမွှေးမွှေးလေးပေးပေးပါနော်
သူမလေ
နှစ်ခြိုက်စွာအိပ်ပျော်နေပါစေ

မောင်နေ

Thursday, 10 July 2008

လေနှင့်အတူ ခိုးထွက်မိစဉ်

လက်ဆွဲနှုတ်ဆက်မိတာ
အလွမ်းတွေပဲလားဗျာ
ခြေသံလုံလုံလေး
ရင်ထဲက အနမ်းတွေ
မင်းဆီအရောက်
ပျံသန်းခဲ့ပါရစေ
မှုန်ပြပြလေးပေမဲ့
မင်းအတွက်
အစွမ်းကုန် ထွန်းလင်းပါရစေ
ဟောဒီ ရှု့ မဆုံးတဲ့
နွေဦးလှနေပုံများ
မင်းသာအနားရှိရင်
ကဗျာတွေ သီကျူးနေမိမှာပေါ့
တစ်နဲ့သုညပဲရှိတဲ့နေ့ညတွေ
လှောင်အိမ်ထဲကတောင်ပံကျိုးငှက်တွေ
အလဲထိုးခံခဲ့ရတဲ့အနံစူးစူးလရောင်တွေ
ခံစားချက်မဲ့အေးစက်စက်မျက်ဝန်းတွေ
ချိုးကပ်နံထွက်နေတဲ့မျှော်လင့်ချက်အိပ်မက်တွေ
တိုးတိုးလေး ခိုးထွက်ပြီး
လေနှင့်အတူ
ငါ့ဝိညာဉ်လေ
မင်းရဲ့ ရင်ခွင်မှာ
တိတ်တိတ်လေး ဆိတ်ဆိတ်လေး
ဖူးပွင့်ပါရစေလား

မောင်နေ

Thursday, 26 June 2008

တာလီချိုးသံနှင့်အတူ

သြော် ဘာလိုလိုနှင့် ရုရှမှာ ပညာသင်နေရတာ ၁ နှစ်ကျော်ကျော်တောင် ကြာခဲ့ပြီလေ။ မပူရုပ်နှင့် လူလုပ်ပြခဲ့ရတဲ့ အကြိမ်တွေလည်း မနည်းတော့ပါဘူး။ ဒီ ရောက်ရင် တော့အိမ်ကို တော့ကောင်းကောင်း ထောက်ပံ့ နိုင်မှာပဲ ဆိုတဲ့ အတွေးတွေ
ကလည်း တဖြည်းဖြည်း ပျောက်ကွယ်ခဲ့သည်။ ရုရှငွေနှင့် ဒေါ်လာ ငွေ လဲလှယ်ကြေး ကွာဟလာမှု ကြောင့် ကျွှန်တော့် အတွေးတွေ လုံးပါးပါး ခဲ့လေပြီ။တ ရစ်ရစ်တက်နေတဲ့ ကုန်ဈေးနှုန်း လည်း ပါတာပေါ့။အိမ်မှာ အဖေ မရှိတော့တဲ့ နောက်ပိုင်း ကိစ္စအ၀၀ ကိုအမေပဲ တာဝန်ယူဆောက်ရွက်ခဲ့သည်။ မိန်းမ တစ်ယောက်နှင့် မတန်အောင် အမေဘယ်လောက် ကြိုးစားလုပ်ခဲ့ တယ်ဆိုတာ သားအကြီးဆုံး ဖြစ် တဲ့ ကျွှန်တော် အသိဆုံး ပေါ့ အမေ။ကျွှန်တော် ဒေါ်လာစားဖြစ်ရင် တော့အမေကို လည်းပေး မယ် ညီမလေး ကိုလည်း တက္ကသိုလ် ပို့ ပေးမယ် လို့ ဟာသလိုလို ကျွှန်တော်ပြောရင်း ပျော်ခဲ့ရတယ်လေ။ ဒါပေမဲ့ ဒီရောက်တော့ အတွေးတွေ မှန်ကန်ဖို့  အကြောင်းအရာ မရှိခဲ့ ဘူးလေ။ကြိုးစားပြီး စုခဲ့တယ်။ဒါပေမဲ့ ထင်သလောက် အိမ်ကို မထောက်ပံ့ နိုင်ခဲ့ဘူး။ အမေ လည်းအသက်ကြီးပြီ လေ။ဘယ်လိုများ အမေ ရုန်းကန်နေ ပါလိမ့်။ငါ အကြီးပဲဆို တာခေါင်းထဲမှာ အမြဲရှိ ခဲ့ပေါ့ လမ်းလျှောက်တိုင်း လမ်းမပေါက် ခဲ့ ဘူးလေ။ အေးမြလှတဲ့ ဆောင်းရာသီ တစ်ခုမှာ ကျွှန်တော် ချွေးပေါက်ပေါက် ကျပြီး မျက်ရည် တောက်တောက်ကျခဲ့ တဲ့ နေတွေရှိခဲ့တယ်လေ။ တာလီချိုးသံတွေ နှင့် အတူပေါ့။
အဲဒီနေ့ တော့မှတ်မှတ်ရရ ရှိခဲ့တယ်လေ။ ရှေ့ လဖုန်းဆက်တုန်း ကအမေ ကို ပြောခဲ့တယ် နောက်လသားအဆင်ပြေရင် ညီမလေးဖို့ ကျောင်း စ ရိတ် ပို့ ပေးမယ် လို့ပြော ခဲ့သည်။ ဒါပေမဲ့ အကြောင်းကြောင်း မစုနိုင်ခဲ့ဘူး။ ဒီအချိန်ဆို အမေအိမ် ဘေးက ဖုန်း ဆိုင်လေးမှာ ကျွှန်တော်ကို မျော်နေမှာဆို တဲ့အသိနှင့် ဖုန်းခလုတ်ကိုနိုပ်လိုက်သည်။ တန်ဖိုးတွေ အရစ်ကျပေး နေရတဲ့ အချိန်တွေ နှင့် အတူ ပြောနေရတဲ့  ဖုန်းလှိုင်းကြားမှာ အမေ နှင့်ကျွှန်တော် စကားကြောမပြတ်ခဲ့ ဘူးလေ။တ မိနစ် တခါမှတ်နေတဲ့ တာလီချိုးသံ တွေနှင့် အတူပေါ့။
အမေကပြောတယ်။ ။သားနေကောင်း အောင်နေနော်။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ဒါပေမဲ့ အမေရယ် တစုံတခုတော့ သားကိုမတောင်းဆို ပါနဲ့အုံးအမေ။ ရင်ထဲမှာပြောနေခဲ့တယ်။
အမေက။ ။သား ညီမလေး ၁၀ တန်းအောင် တယ် သိလား။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ဒါပေမဲ့မပြောလိုက်ပါ နဲ့အုံး အမေ။ညီမလေး တာဝန်ကျေ သလို သားလည်းတာဝန်ကျေ ရစေ မှပေါ့။ ရင်ထဲမှာ ပြောနေခဲ့တယ်။
အမေက။ ။သား ဒီမှာ ဈေးတွေ အရမ်းတက်တာပဲ။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။ သားဂျာနယ်တွေ ထဲမှာ ဖတ်ရပါတယ်။
အမေရဲ့  စကားသံတွေ ဟာ တခါတခါ ကျွှန်တော် အတွေးတွေကြောင့် လွတ် လွတ်ခဲ့တယ်။
အမေက။ ။သား ကိုယ်ကြောင့် သူများဒုက္ခ မရောက်စေနဲ့ နော်။အစဉ်သဖြင့် ရိုးသားနော်။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ရင်ထဲမှာ စကားသံ တွေ ဗလောင်စီ နေပေမဲ့ ကျွှန်တော် ပြောမထွက်ခဲ့ဘူး။ငါ သားအကြီး ဖြစ်င်္ပြီး တာဝန်မကျေဘူး။ဒါပေမဲ့ သားလေ အမေကိုလည်း ချစ်တယ်။ညီမလေး ကို လည်းအရမ်းချစ် တယ်။ဘောဂဗလ မပြည့်စုံ မှုဟာ တခါတခါ ဘ၀ ကိုမုန်းတက် စေခဲ့တယ်။ နောက်ဆုံး ဖုန်းချခံနီး ….
အမေကပြောတယ်။ ။သား ..သားဘာပြောချင်နေတယ် ဆိုတာ အမေ သိပါတယ်သား။
သား မေ့နေပြီလား.. သားရင်ထဲက နုလုံးသားထဲမှာ အမေသွေးတွေ အပြည့်စီး နေတယ် ဆိုတာကို။ အမေ ဘာမှ မလိုပါဘူး။ဘာတွေပဲဖြစ်နေ ဖြစ်နေ သား….အမေလေ..ငါ့သားကို အရမ်းချစ်တယ်။
တာလီချိုးသံက၁၀ မိနစ်ပြည့် ပြီင်္ လေ။ဖုန်းက ကျသွားခဲ့ပြီလေ။ ဒါပေမဲ့ ကျွှန်တော်နဲ့ အမေ စကားကြော မပြတ်ခဲ့ဘူးလေ။ အဲဒီ နေ့ က တိမ်တွေ ကင်းစင်နေတာတောင် မိုး တွေ ရွာချခဲ့တယ်လေ။



မောင်နေ
သားဆီက ဘာဆိုဘာမှ မမျှော်လင့်ခဲ့တဲ့ အမေတိုင်း၏ စိတ်ကို မေ့နေသော ကျွှန်တော်၏ စိတ်ကို အပြစ်တင် ရင်း ဤစာ လေးဖြင့် ရှိခိုး တောင်းပန်ပါ၏။

Wednesday, 11 June 2008

ရင်တရှိုက်

အရောင်လဲ့လဲ့တွေ
ငါ့ကိုများဖမ်းစားနိုင်သတဲ့လား
ခုတော့လည်း အခန့် သား
ကြယ်တွေလည်းတအိအိစီးဆင်း
နှုတ်ခမ်းတွေလည်းချိုပေါ့ကျဆိမ့်
ချစ်ခဲ့တဲ့ ရင်ခွင်တရှိုက်
နမ်းခဲ့တဲ့ ရင်ခွင်တရှိုက်
လွမ်းခဲ့တဲ့ ရင်ခွင်တရှိုက်
ဆေးတွေရောင်စုံဆိုးပြီး
အသက်မဲ့ခဲ့ပြီ ရင်ခွင်တရှိုက်
ခုတော့လည်း ငါအတွက်
ဟာသတရှိုက်လို့ ပေါ့
ချစ်ဦးသူရေ
သိလိုက်ပြီကွာ
ငါရင်ခွင် မသေရဲတက်သေးကြောင်း
ငါလေ ပြောခွင့်ရအုံးမယ်ဆိုရင်ပေါ့
အရောင်စုံရင်ခွင်တွေကြားမှာ
ငယ်ငယ်တုန်းက
လုပျိုလှည့် ရင်ခွင်တရှိုက်ကို
ချာချာလည်အောင်
လွမ်းနေမိပြီကွာ

မောင်နေ

Saturday, 17 May 2008

အို ..ညီမငယ်လေး...


ညီမငယ်လေး…..
………………
……………….
………………
ဆက်ရေးမရတဲ့ကဗျာတွေအတွက်ကျွန်တော်ဆိုတဲ့ ဒီကောင်ကြီးငိုတယ်ဗျာ…..
ဘေးရန်ခပ်သိမ်းကင်းကြပါစေ

Wednesday, 26 March 2008

ဝီစကီ ရေ မင်းပြောလိုက်ပါလေ......

စစ်သားတစ်ယောက်နဲ့ သူ့ ချစ်သူမိန်းကလေးအကြောင်းကို ၀ီစကီ တစ်ပုလင်းက ပြောပြခဲ့တယ်။သူတို့ တွေ အရမ်းချစ်တဲ့ချစ်သူနှစ်ဦး ဖြစ်ခဲ့ကြတယ်။သူတို့ တွေ တစ်ဘ၀လုံးအတွက် လက်တွဲခဲ့ကြတယ်။တာဝန်အလီလီကြောင့်ဝေး ခဲ့လည်း စစ်သားလေးရင်မှာ သူမအပြည့်နေရာယူထားခဲ့တယ်။သူ့ ချစ်သူကောင်မလေးကလည်း သူ့ ကိုအရမ်းချစ်ခဲ့ တယ်လေ။ခွင့်ရလို့ သူ့ ချစ်သူကောင်မလေးဆီ
ဝမ်းသာအားရ ပြန်ခဲ့တဲ့သူအတွက် ထိုအချိန်လေးက အရှည်လျားဆုံးဖြစ်ခဲ့တယ်။အိမ်ရောက်လို သူ့ ချစ်သူကောင်မလေးအသံကြားလို တံခါးဖွင့်လိုက်တဲ့အချိန်မှာတော့ သူအုံးခဲ့တဲ့ခေါင်းအုံးလေးဟာသူစိမ်းတစ်ဦးအုံး ခွင့်ရလိုက်ပြီလေ။သူ့ အမြင်အာရုံတွေ မှားယွင်းပါစေ လို့ ဆုတောင်းသံနှင့်အတူသူအဝေးကို ထွက်ပြေးခဲ့ပြီလေ။သူမလည်း နောင်တနှင့်အတူ အလျင်မြန်ဆုံး ပြေးလိုက်ခဲ့တယ်လေ။
ဒါပေမဲ့ သူတို့ တွေ ဝေးသထက်ဝေးခဲ့ကြပြီလေ။

သူ့ အသဲနုလုံးကို ၀ီစကီပုလင်းထဲ မှာမြုပ်နှံခဲ့ပြီလေ။သောက်ရင်းသောက်ပြီး သူ့ မှတ်ဥာဏ်တွေအဝေးကို လွင့်စင်စေခဲ့တယ်လေ။ဘ၀ကတိုတောင်းပေမဲ့  အဲဒီအချိန်က သူအတွက်အရှည်လျားဆုံးဖြစ်ခဲ့တယ်လေ။ဝီစကီကြောင့် ဝေးလွင့်သွားတဲ့ သူမှတ်ဥာဏ်တွေ ကပြောတယ်။ သူမကို အသက်ထက်ဆုံး ချစ်တယ်တဲ့။ လွမ်းဆွတ်မှု့ တွေနဲ့ အတူ အခြားသော ပြတင်းပေါက်အောက်မှာသူ
လှဲလျောင်းခဲ့ပြီလေ။ဝီစကီရေ မင်းသူကို ပြောပြလိုက်ပါလေ။

ဘယ်သူများသိနိုင်ခဲ့မလဲ။ထိုနေ့ ကလောင်ခဲ့တဲ့ မီးအကြောင်းကိုလေ။သူမလည်း သူချစ်သူစစ်သားလေး မရှိတော့တဲ့နောက်ပိုင်း နှစ်ပေါင်းများစွာ ကြိုးစားခဲ့တယ်လေ။သူမ အနားက၀ီစကီ ပုလင်းတွေ ပျောက်ကွယ်သွားဖို့ လေ။သို့ သော်သူမအတွက် ဘယ်တော့
မရခဲ့ဘူးလေ။ နေ့ တိုင်းညတိုင်းပေါ့။

သူ့ မအသဲနုလုံးကို ၀ီစကီပုလင်းထဲ မှာမြုပ်နှံခဲ့ပြီလေ။သောက်ရင်းသောက်ပြီး သူ့ မမှတ်ဥာဏ်တွေအဝေးကို လွင့်စင်စေခဲ့တယ်လေ။ဘ၀ကတိုတောင်းပေမဲ့  အဲဒီအချိန်က သူမအတွက်အရှည်လျားဆုံးဖြစ်ခဲ့တယ်လေ။ဝီစကီကြောင့် ဝေးလွင့်သွားတဲ့ သူမှတ်ဥာဏ်တွေ ကပြောတယ်။ သူကို အသက်ထက်ဆုံး ချစ်တယ်တဲ့။ လွမ်းဆွတ်မှု့ တွေနဲ့ အတူ အခြားသော ပြတင်းပေါက်အောက်မှာသူမ
လှဲလျောင်းခဲ့ပြီလေ။ဝီစကီရေ မင်းသူကို ပြောပြလိုက်ပါလေ။

ဘယ်သူကို အပြစ်ပြောနိုင်မှာလဲ။ အားငယ်တက်တဲ့ မိန်းကလေးကိုလား။အိမ်ထောင်တာဝန် မကျေခဲ့တဲ့ စစ်သားလေးကိုလား။သူတို့ အတွက် တိုတောင်းလှတဲ့ဘ၀ ကအရှည်လျားဆုံးဖြစ်ခဲ့တယ်လေ။သူတို့ တွေ အရမ်းချစ်တယ်ဆိုတဲ့  ၀ီစကီရဲ့ သီချင်းတစ်ပုဒ် ကတော့ သူတို့ ကိုဆုံတွေ့ စေခဲ့ပြီလား။ ၀ီစကီရေ မင်းသူတို့ ကို မပြတ်မကွက်ပြောပြလိုက်ပါလေ။


မောင်နေ
သီချင်းတစ်ပုဒ်အား မိမိခံစားမိသလောက်ရေးလိုက်ပါတယ်။သီချင်းပေးခဲ့သောသူငယ်ချင်းအားကျေးဇူးတင်ပါသည်။

Tuesday, 18 March 2008

အဲဒီည....

ကံဆိုးရာ..မိုးတွေရွာတယ်
အညတြဘ၀မှာ
မိုးတွေကလည်း ရွာလွန်းတယ်ဗျာ..
သက်တန့် တွေ
ဆွတ်ပျံ့ စရာတွေ
မပါလာခဲ့ဘူး……..
စိုက်ခဲ့တဲပန်းတွေ ကြွေခဲ့ပြီ…
မမက်ဖူးတဲ့ အိပ်မက်တွေ
ခိုးခိုး မက်ခဲ့တယ်…..
ငါ့ အတွက်
တံခါးတွေ
မီးပြတိုက်တွေ
ပြတင်းပေါက်တွေ
ပျောက်ကွယ်ခဲ့တယ်….
ကြိုပွင့်မရှိတဲ့ ဘဝ
တောင်ပံတွေ လည်း
မတောင်းတမိတော့ပါဘူးလေ…
အမှတ်တရ လေးတွေနဲ့ 
ညတွေ တောက်ပခဲ့တယ်လေ….
ည အိပ်တော့
နှင်းတွေ ကြွေကြွေကျခဲ့တယ်….
မိုးတွေရွာပြီးရင်း
ရွာလွန်းတယ်ဗျာ….
ဒါပေမဲ့ 
ကျွှန်တော်…သူမကိုလွမ်းတယ်…
ကြယ်တွေအကုန်ကြွေကြခဲ့တယ်
ဗလာမဲ့..ကောင်းကင်ကြီးလေ
အရာရာထက်လှခဲ့ တယ်……အဲဒီညက….

မောင်နေ

Wednesday, 30 January 2008

ပွေဆော်ဦး.....

ဖုန်တွေ ထလို့ ကောင်းတုန်း
မိုးတွေ တိမ်တွေ က
ညှို့ ချက်ပြင်းရော့ပါသလော့…..
လင်းအားတွေ ကြီးတုန်း
စင်းနေတဲ့ မျက်လုံးလေးက
ညဥ့်ဆုံးဆုံးချုပ်ခဲ့ပါသလော့…..
ပေါသွပ်ဖောရောင်နေတဲ့
ပြိုမယောင် ပြုံးမယောင်
ငါတစ်ကောင်တော့
ခြင်္သေ့ဖြစ်လိုက်
ကြွက်ဖြစ်လိုက်ပေါ့……
အဆီအသားတွေကြားက
နီနေတဲ့အစိုင်လေးက
အန္တရာယ်ကင်းဂါထာမန်းမှုတ်ပေးပါအုံး….
ဒီအသက်ငင် နေတဲ့
အပြုံးလေး အတွက်
ပွေဆော်ဦး အနမ်းလေး တော့ပေးပါရစေ….
ရဲရဲနီ နေတဲ့ အနာဖေးတွေ အတွက်
ငါမျက်ရည်ပိုတွေ ဆောင်ထားခဲ့တယ်လေ..
ဇောတွေကပ်နေတဲ့ကြည်လင်တဲ့နေ့ 
သို့ ပေမဲ့လည်း
ဖုန်တွေ ထလို့ ကောင်းတုန်း

မောင်နေ

Tuesday, 11 December 2007

ထူအမ်းမနေတဲ့ လက်......

ဟိုမှာလည်း မင်းမြင်တယ်.
ဒီမှာလည်း မင်းမြင်တယ်.
တို့ လို့ တွဲလောင်း
ပြိုးလို့ ပြက်လို့ 
ဘာတွေမှ ဆင်မထားတဲ့
ငါ့ လက်ကလေး ကသေးတယ်..
ငါ့လက်ကလေးနဲ့ 
စည်းတွေနဲ့  ဘောင်ခတ်
မသဒ္ဓါရေစာတွေ
ထူအမ်းနေတဲ့
ပါးစပ်တွေလည်း
ဆုတ်မကိုင် ထားဘူး…..
ငါ့လက်ကလေးနဲ့ 
ပြိုးပြိုး ပြက်ပြက်
လူတိုင်းမက်တဲ့
မချိ မဆံ့တွေလည်း
ဆုတ်မကိုင် ထားဘူး…..
ငါ့လက်ကလေးနဲ့ 
မိုးကောင်းတုန်း ရေခံ
ရေသန့် ထုတ်နေတဲ့
ပြစ်နှစ်နှစ် တွေလည်း
ဆုတ်မကိုင်ထားဘူး…...
ငါ့လက်ကလေးနဲ့ 
မျက်ရည် ငွေ့ နဲ့ 
ပေါင်းခံထားတဲ့
လက်တွေလည်း
ဆုတ်မကိုင်ထားဘူး……
ငါ့လက်ကလေးနဲ့ 
ထူပြစ်ပြစ် အသံတွေနဲ့ 
ရခဲ့တဲ့ အဆီနှစ်တွေလည်း
ဆုတ်မကိုင်ထားဘူး….
မင်းယုံမယ် ဆိုရင်ပေါ့
ငါ့ရဲ့ 
ပြီးတော့
ငါ့တို့ ရဲ့ လက်တွေ
ဟာ……ကွာ…..
တကယ်ဆို
အတ္တတွေ ဖောက်ထုတ်လိုက်ဖို့ ကောင်းတယ်…..

မောင်နေ

Tuesday, 27 November 2007

လေဘယ်..

ဈေးမကြီးတဲ့
အလှတရား အတွက်ပေါ့….
ဈေးမခေါ်လို့ 
ဈေးမကြီးတာ
တန်ဖိုးမဲ့ သတဲ့လား….
အမြီးရှည်မှ
တန်ဖိုးရှိ သတဲ့လား…
မင်းဈေးဖြတ် ခံရတာ
မင်းအတွက် အားဆို
ဈေးဆို တာအတက်အကျ နဲ့ နော်…..
လုပ်ခွင့်ရတိုင်း
ဂုဏ်ယူစရာ ဗလာပွနဲ့ 
ဂုဏ်ယူနေတဲ့
လေဘယ်ကပ်ခံ တွေအတွက်
ရိုးသားတဲ့
ဈေးမဲ့ အလှတရားလေး ရေ……
မင်းအားငယ်နေ သလား
မင်းအသံထွက် ရယ်လိုက်စမ်း..ဟ…
ဂုဏ်ယူစရာ တွေနဲ့ 
မေတ္တာခေါင်ရပ်ဝန်း မှာ
မိုးတွေ ဈေးမဲ့နေတာ
သိရက်နဲ့ ….သိရက်နဲ့ …..
ချစ်တက်တဲ့ လောကကြီးရေ…
မုန်းတက်တဲ့ လောကကြီးရေ…
ပြုံးတက်တဲ့ လောကကြီးရေ…
မဲ့တက်တဲ့ လောကကြီးရေ……
ရင်ထဲ ကအသံနဲ့  အတူ
ကြာညိုနံတွေ ထုံအိသင်းစေချင်တယ်..ကွာ…
ဈေးမကြီး တဲ့
အလှတရား အတွက်ပေါ့…….

မောင်နေ

Friday, 26 October 2007

ပြောပြော…..

၂၄နာရီမပြည့် တဲ့
နေ့ တွေထဲ သူတို့ 
နေရာယူထားတယ်…..
လူစောဖြစ် လို့ 
လူစွာလုပ်ရင်
အသက်မဲ့ ဟုတ် တစ်ခု
ချီးမြှင့်စေ မပေါ့……
လေယာဉ်စီး လည်း
ခရီးသည်ပဲ……..
ထော်လာဂျီစီး လည်း
ခရီးသည်ပဲ……..
နာမ၀ိသေသန နဲ့ 
နေရာမယူနဲ့ …..
ဝေစရာရှိရင်
အမြင်ကတ်အောင် ဝေပြပြီး
ကြွေကြမှ အမှိုက်လှဲဖို့ 
မပြင်းနဲ့ ……….
အားမသန်လို့  လက်ကမ်းခဲ့တာ
သူတို့ လက်တွေက
နာမည်ခံ ထင်ပေါ်ပြီး
မရောင်ရာ ဆီးလူးတယ်ကွာ…
လူကို လူလို့ မမြင်ပြီး
မင်းလူသိ တာ
မကောင်းတက်လို့ 
ဂုဏ်ယူတယ်………
မင်းတက်မှန်း ငါသိတယ်
ငါသိချင်တာ
မင်းဘယ်လောက် ပေးဝေနိုင်မလဲ….
ပြောတိုင်းသာ စကားဖြစ်ရင်
ငါ့ နားဆံ့ဖို့ 
မြို့ သစ်ဆောက်အုံးမည်………….

မောင်နေ

Saturday, 8 September 2007

မွှေးတဲ့ပန်း...

လှိုင်လှိုင် ကြွေတဲ့
ပန်းတွေ ကြားထဲ
မင်းရဲ့ အပြုံးရိပ်များ
စိုးမိုး နေလေသလား…..
ပြုံးပြုံး နေတဲ့
ဆူးခက်တွေ ကြားထဲ
မင်းရဲ့ အလှများ
သိုဝှက် နေလေသလား….
ပြုံး..ပ..စေ…လှ..ပ..စေ..
ဆူးတွေလည်း ဝေနေပစေပေါ့…
လုံးလုံး မသိခဲ့
ရှုံးရှုံး ခဲ့တဲ့ အရှုံးတွေ
ဆူးခက် တွေကြား
ကြွေပန်း တွေကြား
မျက်ရည် သောက်ပြီး
မွှေးမွှေး နေပြီလေ…….
အရှုံးပန်း တွေပွင့်လန်း
ပင်လုံးကျွတ် လှိုင်စေတော့ မှ…..
အဆီအစ်နေတဲ့
ငအောင် ကို ကြွားမှာပေါ့….
ထိုအခါ
လေပြေညှင်းက
မျက်နှာလွဲနေရော့မယ်မထင်…..

မောင်နေ

Thursday, 30 August 2007

အမော ဖောက်မိစဉ်........

အနေမနီးတဲ့ အတွေးတွေကို
ယောက္ခမ မသိအောင်
ခိုးပြေးဖို့  ကြိုးစားဖူးတယ်…..
နေ့ ပြန်တိုးက များလေတော့
ကြုံရာ ကျပမ်း ပေါ့….
ကြိုပွိုင့်များတဲ့ ဘဝ
ရှာလည်း လိုနေမှာပဲ……
ရင်ခုန်စရာ လား….
နေရာအနှံ လည်းသေခဲ့ ဖူးတယ်..
သချိုင်းအနှံ လည်းရွေးခဲ့ ဖူးတယ်….
လမ်းလျှောက်ရင်း လမ်းမပျောက်အောင်
အခက်အခဲဆီက ….
မီးတစ်တို့  လောက် ခင်ဗျာ…..
ခင်ဗျား……….နားအုံး……
အားပေးစကား ပြောခဲ့တယ်……
သတင်းမှာ
ကိုယ်အားကိုယ်ကိုး ပါတာများလို့ 
နားဝင်မှာ ချို၊ချဉ်၊ဖန်၊ခါး
ရသာစုံ နေပြီ။
အတွေးတွေကို အမောဖောက်လို့ 
ခွဲစိတ်ဖို့ မေ့ဆေးပေးဖူးတယ်…….
ရလဒ်နဲ့ တန်ဖိုးမဖြတ်တက်အောင်
ဆရာတော် သင်ပေးခဲ့တယ်……
တန်ဖိုးဖြတ်လို့ ရရင်ဈေးမကြီးဘူးလို့ 
မှတ်တယ်……
ကိုယ်မှန် ရင်ရအောင်ငြင်းတယ်
ကြိမ်ပေးလို့  တန်အောင်
အော်ငို တယ်…….
မျက်ရည်မထွက် တက်အောင်
သင်တယ်……
လူစုံရင် သိတာအကုန်ပြောမယ်…
ပန်းတိုင် သိလည်း
ကားခတက် လို့ ……..
လမ်းလျှောက်နေတယ်
ရောက်မှန်းသိလည်း ကြာနေဆဲလေ……………

မောင်နေ


Saturday, 25 August 2007

ရင်ဝှက်စကား............

နံနက်ခင်း အလှကို
မင်းတို့ ရဲ့ အနမ်းနှင့်အတူ
နိုးထ ချင်ပါသေးတယ်…..
နေ့ စဉ်နှင့် အမျှ
လွမ်းမိပါတယ်…..
ငါတို့ တွေ
ရိုးသားဆဲ
ကြိုးစားဆဲ ဆိုတာ
မင်းသူတို့ ကိုပြောပြပေးပါလေ…….
ငါ့ ရဲ့ 
ကြမ်းတမ်းတဲ့လက်တွေ နဲ့ ထွေးပွေ့ မခံနိုင်ရင်
မင်းက သူတို့ ကိုပိုမိုထွေးပွေ့ ပေးပါလေ…..
သူတို့ ကိုအစဉ် နွေးထွေးစေချင်ပါတယ်…….
ခေါင်းလောင်းသံ သာသာတွေက
သူတို့ အတွက် လမ်းပြသံတွေ
ဖြစ်နေအောင် မင်းလုပ်ပေးပါလေ…..
သနပ်ခါးလေးနဲ့  ရောင်ရဲ့ တက်တဲ့
မင်းရဲ့ အေးမြတဲ့အလှကို
သူတို့ လေးတွေ အတုယူတက်ပါစေ…..
မမှန်တဲ့နည်း နဲ့ အောင်မြင်ခြင်းထက်
မှန်မှန်ကန်ကန် ရှုံးနိမ့်တက်ခြင်းဟာ
သူတို့ အတွက် ဂုဏ်ယူဖွယ်ဖြစ်ပါစေ…..
နံနက်ခင်း တိုင်းမှာ
ကျေးငှက်တေးသံ တွေနဲ့ အတူ
သူတို့ လေးတွေ နိုးထပါစေ…….
ညတိုင်းက လည်း
မင်းအသံ ည၀င်ပုံပြင်တွေနဲ့ အတူ
အိမ်မက်လှလှ လေးတွေမက်ပါစေလေ…..
သူတို့ လေးတွေ
ပျော်ပျော် နေပါစေ
ဒါပေမဲ့ ပေါ့ပေါ့တန်တန် မနေအောင်
မင်းက သင်ကြားပေးပါလေ…….
ရာထူး၊စည်းစိမ်၊အာဏာ တွေက
မင်းရဲ့ မေတ္တာရိပ်လောက်
မပြည့်စုံ ဘူးဆိုတာ
သူတို့ လေးတွေ သိနေပါစေလေ……
ငါရဲ့ 
တအိအိ ပြိုကျလာတဲ့
အလွမ်း မျက်ရည်တွေ
လွင့်စင်သွားတဲ့ တစ်နေ့ 
မင်းတို့ ကို ထွေးပွေ့ ထားချင်ပါသေးတယ်…..
ကမ္ဘာကြီး ရပ်တန့် သွားတဲ့ အထိ………………..

မောင်နေ

Tuesday, 21 August 2007

တာလီချိုး သံနဲ့ အတူ....

တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ 
လှုပ်ရှားတဲ့ လှိုင်းတွေကြားထဲ
အမေ နဲ့ သား
စကား မပြတ်ခဲ့ဘူး။
တာလီချိုးသံ တွေနဲ့ အတူ
အမေက…သား…
ကျန်းမာအောင် နေနော်…..
လက် တံတွေးဆွတ်သံနဲ့ အတူ
အမေက…သား…
ညီလေး ၁၀တန်း အောင်တယ်လေ…..
အဖြေ ကြိုဖြေခွင့်ရရင်ပေါ့။
ဟုတ်ကဲ့…ကြိုးစားနေပါတယ်…..
ညီလေး တာဝန်ကျေသလို
သားလည်း ကျေစေ မ ပေါ့။
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး..အမေ…
တန်ဖိုးတွက်သံ တွေနဲ့ အတူ
အမေက…သား…
ဒီမှာ ဈေးတွေ အရမ်းတက်တာပဲ…
ဟုတ်ကဲ့…သားဖတ်ရပါတယ်။
အမေ..သားကိုယုံ ပါနော်။
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး…အမေ..
တစ်ရစ်ရစ် တက်သံ တွေနဲ့ အတူ
အမေက…သား..
ကိုယ်ကြောင့် သူများဒုက္ခမရောက်စေနဲ့ နော်….
ဟုတ်ကဲ့…သားမှတ်ထား ပ မယ်…
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး…အမေ..
အလန်းပေး နာရီသံနဲ့  အတူ
သားက…အမေ….
အမေ…သား….သား….
ချစ်တယ်..အမေ…….
တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ 
လှိုင်းတွေ ငြိမ်သက်သွားသည် အထိ
အမေနဲ့ သား
စကား မပြတ်ခဲ့ဘူး။

မောင်နေ


Sunday, 19 August 2007

မိသားစု.....

ငါးယောက် ရှိတယ်။
နှစ်ယောက် လဲတော့
သုံးယောက် ထူတယ်။
တစ်ယောက် မှာ မိုး
တစ်ယောက် မှာ ဆောင်း
တစ်ယောက် မှာ နွေ
ဝေးသထက် ဝေးကြ…….
လူတိုင်းလျှောက်တဲ့ လမ်းကို လျှောက်တယ်။
ဖြောင့်ဖြူး မနေပေမဲ့
တစ်ယောက်လဲလျှင် တစ်ယောက်ထူ
ဂန္တ၀င်ဆန်တဲ့ အလွမ်းတွေမပါဘူး
ပြောပြရင် အင်းအင်း ပဲလုပ်ကြမယ်။
ပြောမနေနဲ့  ငါတို့ လည်းလူပဲ
မျက်ရည်တွေ ခန်းတာကြာပြီ။
စမ်း..စမ်း..လှမ်းခဲ့တာ….
အသံလှိုင်းတွေ ဖွင့်ထားရင်
ငါတို့ အိမ် ရောက်ပြီပေါ့ ….
တစ်ယောက်က အမိုးဆို
တစ်ယောက်က အကာပေါ့
ပျဉ်တွေစေ့
့မနေတဲ့ အခင်းက
ငါ………….ပေါ့……………….
လွမ်းချင်း မစပ်သလို
လွမ်းတေး လည်း မဆိုဘူး။
ပြောမနေနဲ့  သိတယ်
သူပန်းရင် ငါလဲမယ်။
တစ်ယောက်ပေး တဲ့အသိ
နှစ်ယောက် လျှောက်တယ်။
မှားရင်ပြင်မယ် နောက်မကျ သရွေ့ 
အရောင်တွေ တောက်
အသံတွေ သာ
အသိတွေ မြင့် လည်း
အိမ်ကို မမေ့ဘူး။
လေပြင်းတွေ တိုက်
မိုးတွေ ခြိမ်း
ကမ်းတွေ ပြို လည်း
အိမ်ကို မမေ့ဘူး။
တစ်နေ့ ………
မိုးလေ၀သကောင်း လို့ 
ရာသီမပြောင်းတဲ့ အချိန်
ငါတို့ ယာမှာအသီးတွေ လှိုင်စေမပေါ့………

မောင်နေ


Friday, 17 August 2007

ကကွက်......

ချိုမြနေတဲ့ အပြုံးတွေကို
မျှော်လင့်ချက် ဥပဒေသနဲ့ 
အသက်သွင်းခဲ့တယ်။
အနုအကြမ်း
တီးကွက်ဆန်းတွေနဲ့ 
အားမနာစတမ်းပေါ့။
တီးကွက်တွေမှာ
ဘီလူးတစ်ကောင် ရှိသလို
မင်းသားတစ်ပါး လည်းရှိတယ်။
ချိုမြတဲ့ မုသားအနမ်းတွေ
ခြွေခြွေပြ တော့
ကြွေကြွေ ကျတာပေါ့။
ဖန်တီးထားတဲ့ အနုပညာတွေမှာ
အလင်္ကာတွေ စုံနေတယ်။
ကိုယ်ရင်ကို ဖွင့်ဖို့ 
ထောင်ချောက်တွေ ဆင်ထားတယ်။
လက်ဆောင်တွေ ထဲမှာ
အားကျသံ တွေပါလာတယ်။
ဘုန်းတော်ဘွဲ့ ကို ရွှေထီးဆောင်းပြီး
အူလှိုက်သည်းလှိုက် ရယ်မောခဲ့တယ်။
ဇာတ်ထုပ် သမိုင်းကြောင်းနဲ့ 
လေထဲ ပျံခဲ့ဖူးတယ်။
အမှန်တရား ကို
အိမ်မက်ထဲမှာ ထည့်မက်ခဲ့တယ်။
အဓိပ္ပာယ် အတွက်
ပုံသေနည်းတွေ ပေါတယ်။
တကယ်ဆို မိုးတွေရွာချလိုက်ဖို့ ကောင်းတယ်………………

မောင်နေ



Thursday, 16 August 2007

နေရိပ်..............

ဒီနေ့ လည်း ပျင်းပျင်းရှိတာနဲ့  စာဖတ်မယ် ဆိုပြီး စာကြည့်တိုက်က စာအုပ်သွား ဌားမိတယ်။ကျွှန်တော် တို့ ကျောင်းမှာ မြန်မာတွေ ထူထောင်ထား တဲ့ စာကြည့်တိုက်ငယ် လေးရှိတယ်။ကျွှန်တော် အတွက်က တော့ တကယ့်ရွှေ ပဲဗျ ။ဆရာအောင်သင်းရဲ့ အမွေ ဆိုတဲ့ စာအုပ် ဌား လာမိတယ်။ အရင်ကလည်း ဖတ်ပြီး သားပါ။ ဒါပေမဲ့  တစ်ခါ ဖတ်ရင် တစ်ခါ စဉ်းစားစရာ တွေ၊ ခံစားမှု အသစ်တွေ ပေး တက်ပါတယ်။ ဆရာ့ စာအုပ်ထဲ က စကားပုံ လေး တစ်ခု က ကျွှန်တော်ရဲ့  လွန်လေပြီးသော စာသင်ခန်း ကို ပြန်ရောက် သွားစေ ခဲ့တယ်။စကားပုံလေး ကျွှန်တော် တို့ ကြားနေ ကြ ဖြစ် တဲ့ နေရိပ် လို နေပူကစောင့် တဲ့။အဲ့ဒီ နေ့ ကဆရာမက သူတို့ ဘာသာ စကား မှာ ရှိ တဲ့ စကားပုံတွေ သင်ပေးပါ တယ်။ ပြီးတော့ ကျွှန်တော် တို့ ကို မေး တယ်။မင်းတို့နိုင်ငံ မှာကော ဘယ်လို စကားပုံ တွေ ရှိ လည်းပေါ့။ ကျွှန်တော် တို့ လည်း သိသလောက် ပြော ကြ တာပေါ့။ ကျွှန်တော့ အလှည့် လည်း ရောက်ရော ကျွှန်တော် က နေရိပ် လို နေပူကစောင့် ဆိုတာ ကိုပြောလိုက် တယ်။ ရှိသမျှ တက်သမျှ ဘာသာစကား ရှင်းပြ လိုက်တယ်။ အတန်ကြာတော့ ဆရာမကောင်း ကောင်း နားလည် သွားတယ်။ဆရာမ ခဏ စဉ်းစား ပြီး ကျွှန်တော်ကို ပြန်ပြော တယ်။
တပည့် မင်း ဘာ လို့ နေပူ ကစောင့်နေ မှာလည်း…………..
နေရိပ် ကိုမင်း ကိုယ်တိုင် ဖန်တီး ရ မှာပေါ့ တဲ့…………………
မရ ရင်တောင် မင်းတစ်ခု ခု ရ လိမ့် မယ်တဲ့………………….
ဒါပါ ပဲ။တကယ်ကို ကျွှန်တော်တို့ စောင့်ခဲ့ ကြတယ်။နေရိပ်လေးကိုပေါ့။ ကျွှန်တော် ဆရာမ ကို ပြန်ပြောချင်ပေ မဲ့ အကြောင်းကြောင်းကြောင့် ပြောခွင့် မရ ခဲ့ဘူး။ ပြောခွင့် ရခဲ့ ရင် လည်း………………………………………

မောင်နေ


Wednesday, 15 August 2007

ဖော်မဲ့လိပ်ပြာ

ထွားထွားငယ်ကြေ
အောင်လေဖူးပါစ
ဆီမလူး ပေဖူးစာနှင့
်

လွမ်းမောလှိုက်ခုန်
ရင်ကြာမုံ
မလုံမလဲ
မျက်နှာရဲ
ဖေသိမှာလည်း ကြောက်တယ်တော့်။

မောင်ကြီးအကြောင်း
ယိမ်းနွဲ့ စောင်း
မောင်းထောင်းဆန်ပြာ စိတ်မပါ
ဖိတ်ကာသွားပေါ့  မေဆူတော့်။

သနပ်ခါးဖွေး
စံပယ်မွှေး
အတွေးလိပ်ပြာ
ရှက်သွေးဖြာ
လိမ်းကာခြယ်သ လွမ်းသတော့်။

မောင်လေးချော့သိပ်
ပုတီးစိပ်
အိပ်မယ့်အမေ
ချောင်းဟန့် နေ
သိလေပြီလား စိုးသတော့်။

ပန်းချုံနံဘေး
စောင့်မျှော်ငေး
မှုန်ရေးရုပ်သွင်
သျှောင်ကြီးရှင်
ထင်ရောင်ဝိုးဝါး မြင်တယ်တော့။

ရွက်ချင်းယှက်ထိ
စောင်းကြိုးညို
လှောင်ယိနေလား
စိတ်ကစား
လွမ်းဖျားရှည်ည များသတော့်။

စစ်မြင်းခွာသံ ရွာတောင်ယံ
ကြိမ်ဖန်နားကြား
ထင်ရောင်မှား
မောင်ကြီးလေလား ကြိုမိတော့်။

ရွာဦးစေတီ
လက်အုပ်ချီ
ဆီမီးပန်းကပ်
အပူဓာတ်
ရှုပ်ဇာတ်အရေး အေးစေတော့်။

ပြည့်ဝန်းသောလ
လှောင်ရယ်ည
သောကရေဆန် အထီးကျန်
မောင်ကြီး မြန်မြန် လှမ်းခဲ့တော့်။

ထွားထွားငယ်ကြေ
အောင်လေဖူးပါစ
ဆီမလူး ပေဖူးစာနှင့်
မှာလိုက်တဲ့ရှင်
အပျိုဖြူမယ့် မှာကျွမ်း
လွမ်းတုံ့ တင်လေး။ ။
မောင်နီဦး
မြတ်လေးမဂ္ဂဇင်း(၁၉၈၇)
တခါတလေ ပေါ့ပေါ့ပါးပါး လေးတွေ ဖတ်ရတာ ရင်ကိုလန်းဆန်းစေတာ အမှန်ပဲဗျာ့........