Thursday 30 August 2007

အမော ဖောက်မိစဉ်........

အနေမနီးတဲ့ အတွေးတွေကို
ယောက္ခမ မသိအောင်
ခိုးပြေးဖို့  ကြိုးစားဖူးတယ်…..
နေ့ ပြန်တိုးက များလေတော့
ကြုံရာ ကျပမ်း ပေါ့….
ကြိုပွိုင့်များတဲ့ ဘဝ
ရှာလည်း လိုနေမှာပဲ……
ရင်ခုန်စရာ လား….
နေရာအနှံ လည်းသေခဲ့ ဖူးတယ်..
သချိုင်းအနှံ လည်းရွေးခဲ့ ဖူးတယ်….
လမ်းလျှောက်ရင်း လမ်းမပျောက်အောင်
အခက်အခဲဆီက ….
မီးတစ်တို့  လောက် ခင်ဗျာ…..
ခင်ဗျား……….နားအုံး……
အားပေးစကား ပြောခဲ့တယ်……
သတင်းမှာ
ကိုယ်အားကိုယ်ကိုး ပါတာများလို့ 
နားဝင်မှာ ချို၊ချဉ်၊ဖန်၊ခါး
ရသာစုံ နေပြီ။
အတွေးတွေကို အမောဖောက်လို့ 
ခွဲစိတ်ဖို့ မေ့ဆေးပေးဖူးတယ်…….
ရလဒ်နဲ့ တန်ဖိုးမဖြတ်တက်အောင်
ဆရာတော် သင်ပေးခဲ့တယ်……
တန်ဖိုးဖြတ်လို့ ရရင်ဈေးမကြီးဘူးလို့ 
မှတ်တယ်……
ကိုယ်မှန် ရင်ရအောင်ငြင်းတယ်
ကြိမ်ပေးလို့  တန်အောင်
အော်ငို တယ်…….
မျက်ရည်မထွက် တက်အောင်
သင်တယ်……
လူစုံရင် သိတာအကုန်ပြောမယ်…
ပန်းတိုင် သိလည်း
ကားခတက် လို့ ……..
လမ်းလျှောက်နေတယ်
ရောက်မှန်းသိလည်း ကြာနေဆဲလေ……………

မောင်နေ


Saturday 25 August 2007

ရင်ဝှက်စကား............

နံနက်ခင်း အလှကို
မင်းတို့ ရဲ့ အနမ်းနှင့်အတူ
နိုးထ ချင်ပါသေးတယ်…..
နေ့ စဉ်နှင့် အမျှ
လွမ်းမိပါတယ်…..
ငါတို့ တွေ
ရိုးသားဆဲ
ကြိုးစားဆဲ ဆိုတာ
မင်းသူတို့ ကိုပြောပြပေးပါလေ…….
ငါ့ ရဲ့ 
ကြမ်းတမ်းတဲ့လက်တွေ နဲ့ ထွေးပွေ့ မခံနိုင်ရင်
မင်းက သူတို့ ကိုပိုမိုထွေးပွေ့ ပေးပါလေ…..
သူတို့ ကိုအစဉ် နွေးထွေးစေချင်ပါတယ်…….
ခေါင်းလောင်းသံ သာသာတွေက
သူတို့ အတွက် လမ်းပြသံတွေ
ဖြစ်နေအောင် မင်းလုပ်ပေးပါလေ…..
သနပ်ခါးလေးနဲ့  ရောင်ရဲ့ တက်တဲ့
မင်းရဲ့ အေးမြတဲ့အလှကို
သူတို့ လေးတွေ အတုယူတက်ပါစေ…..
မမှန်တဲ့နည်း နဲ့ အောင်မြင်ခြင်းထက်
မှန်မှန်ကန်ကန် ရှုံးနိမ့်တက်ခြင်းဟာ
သူတို့ အတွက် ဂုဏ်ယူဖွယ်ဖြစ်ပါစေ…..
နံနက်ခင်း တိုင်းမှာ
ကျေးငှက်တေးသံ တွေနဲ့ အတူ
သူတို့ လေးတွေ နိုးထပါစေ…….
ညတိုင်းက လည်း
မင်းအသံ ည၀င်ပုံပြင်တွေနဲ့ အတူ
အိမ်မက်လှလှ လေးတွေမက်ပါစေလေ…..
သူတို့ လေးတွေ
ပျော်ပျော် နေပါစေ
ဒါပေမဲ့ ပေါ့ပေါ့တန်တန် မနေအောင်
မင်းက သင်ကြားပေးပါလေ…….
ရာထူး၊စည်းစိမ်၊အာဏာ တွေက
မင်းရဲ့ မေတ္တာရိပ်လောက်
မပြည့်စုံ ဘူးဆိုတာ
သူတို့ လေးတွေ သိနေပါစေလေ……
ငါရဲ့ 
တအိအိ ပြိုကျလာတဲ့
အလွမ်း မျက်ရည်တွေ
လွင့်စင်သွားတဲ့ တစ်နေ့ 
မင်းတို့ ကို ထွေးပွေ့ ထားချင်ပါသေးတယ်…..
ကမ္ဘာကြီး ရပ်တန့် သွားတဲ့ အထိ………………..

မောင်နေ

Tuesday 21 August 2007

တာလီချိုး သံနဲ့ အတူ....

တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ 
လှုပ်ရှားတဲ့ လှိုင်းတွေကြားထဲ
အမေ နဲ့ သား
စကား မပြတ်ခဲ့ဘူး။
တာလီချိုးသံ တွေနဲ့ အတူ
အမေက…သား…
ကျန်းမာအောင် နေနော်…..
လက် တံတွေးဆွတ်သံနဲ့ အတူ
အမေက…သား…
ညီလေး ၁၀တန်း အောင်တယ်လေ…..
အဖြေ ကြိုဖြေခွင့်ရရင်ပေါ့။
ဟုတ်ကဲ့…ကြိုးစားနေပါတယ်…..
ညီလေး တာဝန်ကျေသလို
သားလည်း ကျေစေ မ ပေါ့။
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး..အမေ…
တန်ဖိုးတွက်သံ တွေနဲ့ အတူ
အမေက…သား…
ဒီမှာ ဈေးတွေ အရမ်းတက်တာပဲ…
ဟုတ်ကဲ့…သားဖတ်ရပါတယ်။
အမေ..သားကိုယုံ ပါနော်။
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး…အမေ..
တစ်ရစ်ရစ် တက်သံ တွေနဲ့ အတူ
အမေက…သား..
ကိုယ်ကြောင့် သူများဒုက္ခမရောက်စေနဲ့ နော်….
ဟုတ်ကဲ့…သားမှတ်ထား ပ မယ်…
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး…အမေ..
အလန်းပေး နာရီသံနဲ့  အတူ
သားက…အမေ….
အမေ…သား….သား….
ချစ်တယ်..အမေ…….
တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ 
လှိုင်းတွေ ငြိမ်သက်သွားသည် အထိ
အမေနဲ့ သား
စကား မပြတ်ခဲ့ဘူး။

မောင်နေ


Sunday 19 August 2007

မိသားစု.....

ငါးယောက် ရှိတယ်။
နှစ်ယောက် လဲတော့
သုံးယောက် ထူတယ်။
တစ်ယောက် မှာ မိုး
တစ်ယောက် မှာ ဆောင်း
တစ်ယောက် မှာ နွေ
ဝေးသထက် ဝေးကြ…….
လူတိုင်းလျှောက်တဲ့ လမ်းကို လျှောက်တယ်။
ဖြောင့်ဖြူး မနေပေမဲ့
တစ်ယောက်လဲလျှင် တစ်ယောက်ထူ
ဂန္တ၀င်ဆန်တဲ့ အလွမ်းတွေမပါဘူး
ပြောပြရင် အင်းအင်း ပဲလုပ်ကြမယ်။
ပြောမနေနဲ့  ငါတို့ လည်းလူပဲ
မျက်ရည်တွေ ခန်းတာကြာပြီ။
စမ်း..စမ်း..လှမ်းခဲ့တာ….
အသံလှိုင်းတွေ ဖွင့်ထားရင်
ငါတို့ အိမ် ရောက်ပြီပေါ့ ….
တစ်ယောက်က အမိုးဆို
တစ်ယောက်က အကာပေါ့
ပျဉ်တွေစေ့
့မနေတဲ့ အခင်းက
ငါ………….ပေါ့……………….
လွမ်းချင်း မစပ်သလို
လွမ်းတေး လည်း မဆိုဘူး။
ပြောမနေနဲ့  သိတယ်
သူပန်းရင် ငါလဲမယ်။
တစ်ယောက်ပေး တဲ့အသိ
နှစ်ယောက် လျှောက်တယ်။
မှားရင်ပြင်မယ် နောက်မကျ သရွေ့ 
အရောင်တွေ တောက်
အသံတွေ သာ
အသိတွေ မြင့် လည်း
အိမ်ကို မမေ့ဘူး။
လေပြင်းတွေ တိုက်
မိုးတွေ ခြိမ်း
ကမ်းတွေ ပြို လည်း
အိမ်ကို မမေ့ဘူး။
တစ်နေ့ ………
မိုးလေ၀သကောင်း လို့ 
ရာသီမပြောင်းတဲ့ အချိန်
ငါတို့ ယာမှာအသီးတွေ လှိုင်စေမပေါ့………

မောင်နေ


Friday 17 August 2007

ကကွက်......

ချိုမြနေတဲ့ အပြုံးတွေကို
မျှော်လင့်ချက် ဥပဒေသနဲ့ 
အသက်သွင်းခဲ့တယ်။
အနုအကြမ်း
တီးကွက်ဆန်းတွေနဲ့ 
အားမနာစတမ်းပေါ့။
တီးကွက်တွေမှာ
ဘီလူးတစ်ကောင် ရှိသလို
မင်းသားတစ်ပါး လည်းရှိတယ်။
ချိုမြတဲ့ မုသားအနမ်းတွေ
ခြွေခြွေပြ တော့
ကြွေကြွေ ကျတာပေါ့။
ဖန်တီးထားတဲ့ အနုပညာတွေမှာ
အလင်္ကာတွေ စုံနေတယ်။
ကိုယ်ရင်ကို ဖွင့်ဖို့ 
ထောင်ချောက်တွေ ဆင်ထားတယ်။
လက်ဆောင်တွေ ထဲမှာ
အားကျသံ တွေပါလာတယ်။
ဘုန်းတော်ဘွဲ့ ကို ရွှေထီးဆောင်းပြီး
အူလှိုက်သည်းလှိုက် ရယ်မောခဲ့တယ်။
ဇာတ်ထုပ် သမိုင်းကြောင်းနဲ့ 
လေထဲ ပျံခဲ့ဖူးတယ်။
အမှန်တရား ကို
အိမ်မက်ထဲမှာ ထည့်မက်ခဲ့တယ်။
အဓိပ္ပာယ် အတွက်
ပုံသေနည်းတွေ ပေါတယ်။
တကယ်ဆို မိုးတွေရွာချလိုက်ဖို့ ကောင်းတယ်………………

မောင်နေ



Thursday 16 August 2007

နေရိပ်..............

ဒီနေ့ လည်း ပျင်းပျင်းရှိတာနဲ့  စာဖတ်မယ် ဆိုပြီး စာကြည့်တိုက်က စာအုပ်သွား ဌားမိတယ်။ကျွှန်တော် တို့ ကျောင်းမှာ မြန်မာတွေ ထူထောင်ထား တဲ့ စာကြည့်တိုက်ငယ် လေးရှိတယ်။ကျွှန်တော် အတွက်က တော့ တကယ့်ရွှေ ပဲဗျ ။ဆရာအောင်သင်းရဲ့ အမွေ ဆိုတဲ့ စာအုပ် ဌား လာမိတယ်။ အရင်ကလည်း ဖတ်ပြီး သားပါ။ ဒါပေမဲ့  တစ်ခါ ဖတ်ရင် တစ်ခါ စဉ်းစားစရာ တွေ၊ ခံစားမှု အသစ်တွေ ပေး တက်ပါတယ်။ ဆရာ့ စာအုပ်ထဲ က စကားပုံ လေး တစ်ခု က ကျွှန်တော်ရဲ့  လွန်လေပြီးသော စာသင်ခန်း ကို ပြန်ရောက် သွားစေ ခဲ့တယ်။စကားပုံလေး ကျွှန်တော် တို့ ကြားနေ ကြ ဖြစ် တဲ့ နေရိပ် လို နေပူကစောင့် တဲ့။အဲ့ဒီ နေ့ ကဆရာမက သူတို့ ဘာသာ စကား မှာ ရှိ တဲ့ စကားပုံတွေ သင်ပေးပါ တယ်။ ပြီးတော့ ကျွှန်တော် တို့ ကို မေး တယ်။မင်းတို့နိုင်ငံ မှာကော ဘယ်လို စကားပုံ တွေ ရှိ လည်းပေါ့။ ကျွှန်တော် တို့ လည်း သိသလောက် ပြော ကြ တာပေါ့။ ကျွှန်တော့ အလှည့် လည်း ရောက်ရော ကျွှန်တော် က နေရိပ် လို နေပူကစောင့် ဆိုတာ ကိုပြောလိုက် တယ်။ ရှိသမျှ တက်သမျှ ဘာသာစကား ရှင်းပြ လိုက်တယ်။ အတန်ကြာတော့ ဆရာမကောင်း ကောင်း နားလည် သွားတယ်။ဆရာမ ခဏ စဉ်းစား ပြီး ကျွှန်တော်ကို ပြန်ပြော တယ်။
တပည့် မင်း ဘာ လို့ နေပူ ကစောင့်နေ မှာလည်း…………..
နေရိပ် ကိုမင်း ကိုယ်တိုင် ဖန်တီး ရ မှာပေါ့ တဲ့…………………
မရ ရင်တောင် မင်းတစ်ခု ခု ရ လိမ့် မယ်တဲ့………………….
ဒါပါ ပဲ။တကယ်ကို ကျွှန်တော်တို့ စောင့်ခဲ့ ကြတယ်။နေရိပ်လေးကိုပေါ့။ ကျွှန်တော် ဆရာမ ကို ပြန်ပြောချင်ပေ မဲ့ အကြောင်းကြောင်းကြောင့် ပြောခွင့် မရ ခဲ့ဘူး။ ပြောခွင့် ရခဲ့ ရင် လည်း………………………………………

မောင်နေ


Wednesday 15 August 2007

ဖော်မဲ့လိပ်ပြာ

ထွားထွားငယ်ကြေ
အောင်လေဖူးပါစ
ဆီမလူး ပေဖူးစာနှင့

လွမ်းမောလှိုက်ခုန်
ရင်ကြာမုံ
မလုံမလဲ
မျက်နှာရဲ
ဖေသိမှာလည်း ကြောက်တယ်တော့်။

မောင်ကြီးအကြောင်း
ယိမ်းနွဲ့ စောင်း
မောင်းထောင်းဆန်ပြာ စိတ်မပါ
ဖိတ်ကာသွားပေါ့  မေဆူတော့်။

သနပ်ခါးဖွေး
စံပယ်မွှေး
အတွေးလိပ်ပြာ
ရှက်သွေးဖြာ
လိမ်းကာခြယ်သ လွမ်းသတော့်။

မောင်လေးချော့သိပ်
ပုတီးစိပ်
အိပ်မယ့်အမေ
ချောင်းဟန့် နေ
သိလေပြီလား စိုးသတော့်။

ပန်းချုံနံဘေး
စောင့်မျှော်ငေး
မှုန်ရေးရုပ်သွင်
သျှောင်ကြီးရှင်
ထင်ရောင်ဝိုးဝါး မြင်တယ်တော့။

ရွက်ချင်းယှက်ထိ
စောင်းကြိုးညို
လှောင်ယိနေလား
စိတ်ကစား
လွမ်းဖျားရှည်ည များသတော့်။

စစ်မြင်းခွာသံ ရွာတောင်ယံ
ကြိမ်ဖန်နားကြား
ထင်ရောင်မှား
မောင်ကြီးလေလား ကြိုမိတော့်။

ရွာဦးစေတီ
လက်အုပ်ချီ
ဆီမီးပန်းကပ်
အပူဓာတ်
ရှုပ်ဇာတ်အရေး အေးစေတော့်။

ပြည့်ဝန်းသောလ
လှောင်ရယ်ည
သောကရေဆန် အထီးကျန်
မောင်ကြီး မြန်မြန် လှမ်းခဲ့တော့်။

ထွားထွားငယ်ကြေ
အောင်လေဖူးပါစ
ဆီမလူး ပေဖူးစာနှင့်
မှာလိုက်တဲ့ရှင်
အပျိုဖြူမယ့် မှာကျွမ်း
လွမ်းတုံ့ တင်လေး။ ။
မောင်နီဦး
မြတ်လေးမဂ္ဂဇင်း(၁၉၈၇)
တခါတလေ ပေါ့ပေါ့ပါးပါး လေးတွေ ဖတ်ရတာ ရင်ကိုလန်းဆန်းစေတာ အမှန်ပဲဗျာ့........

Tuesday 14 August 2007

အမှားဆုံးလား....

မတူညီခြင်းတွေ
ပျက်သုန်းနေလေသလော့
ဘာလဲကွ..ညီမျှခြင်း
မင်း. ...လား ငါ…လား
အငြင်းပွားစရာ လား
နှစ်ဆတိုး အစွမ်း
သုံးဆတိုး အစွမ်း
မင်း…ကိုနိုင်ဖို့ ဘာလို့ ဒီလောက်ခက်နေရတာလဲ
အစွမ်း ကုန်ပေါ့ 
မင်းကညီမျှခြင်း တစ်ဘက်ကိုရောက်နေပြီကိုး
ငါလုပ်ခဲ့တဲ့ အကောင်းဆုံးက
အမှားဆုံး လားကွာ……………..
မောင်နေ

Monday 13 August 2007

ကိုယ်တွေ့ဟာသ

တစ်နေ့ပေါ့ ကျွန်တော်လည်း စာတွေ ကျက်ရ မှတ်ရတာ ပျင်းရိရိ ရှိတာနဲ့ ကျွန်တော့်တို့ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်ဆီ ခြေဦး လှည့်ခဲ့သည်။ လူကလည်း တော်တော်လေး ရှင်းနေသည်။ တပ်ထွက်တစ်ယောက် ဖွင့်ထားတဲ့ ဆိုင်ပါ။ သူ့မိန်းမက အဖျော်ဆရာ သူကစားပွဲထိုး အဆင်ကို ပြေနေတာပဲ။ ကျွန်တော်လည်း ကော်ဖီမစ် ပလိန်း တစ်ခွက် မှာပြီး သောက်နေမိသည်။ မိနစ် (၂၀) လောက်ကြာတော့ လူတွေလည်း ကျစပြုလာသည်။ ကျောင်းဆင်ချိန် အလုပ်သိမ်းချိန် ရောက်နေပြီးကိုး။ အတော်လေးကြာတော့ ဆိုင်ရှင်လင်မယားရဲ့ သားနှစ်ယောက်နှင့် သမီးသုံးယောက် ပြန်လာတာ ကျွန်တော်မြင် လိုက်ရသည်။ ဆိုင်ကလည်း လူအတော်လေး ကျစပြုနေပြီ။ ၄ တန်းလောက်ရှိမဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ၂ တန်းလောက် ရှိမဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ အငယ်ဆုံးသမီးလေးကတော့ တစ်တန်းလောက် ရှိမယ်လို့ ထင်ရတာပဲဗျာ။ အကြီးတွေကတော့ ဆိုင်လုပ် ၀ိုင်းကူပေါ့။ နောက်မှ ကျွန်တော်သတိထား မိတယ်။ ဆိုင်ဘေးက ပုခက်စင်လေး ထဲမှာလည်း ကလေးတစ်ယောက်။ အားပါးပါး တစ်ပိုင် တစ်နိုင် မွေးမြူရေးပါလား။ အဲဒီမှာ ပြဿနာ စတော့တာပဲ တစ်တန်းလောက်ရှိမဲ့ ကလေးမက

သမီး။ ။ မေမေ မနက်ဖြန် သမီးတို့ကျောင်းမှာ သစ်ပင်စိုက် ပွဲရှိတယ်။ မျိုးပင်တွေ ယူခဲ့ရမယ်တဲ့ အမေ…..။

အမေ။ ။ ဟဲ့ဟဲ့…မအားသေးဘူး နောက်မှပြော…။

သမီး။ ။ အမေက ပြီးရင် မေ့သွားမှာ ခုကတည်းကပြောမှ ရမှာ၊ ဆရာမကသေချာ ပြောလိုက်တာ ဟိုတစ်ခါ ပေးလိုက်တဲ့ မျိုးပင်တွေ မျိုးမအောင်ဘူးတဲ့၊ ဒီတစ်ခါ မျိုးအောင်တဲ့အပင် ပေးပါတဲ့…။

အမေ။ ။ ဟဲ့ဟဲ့…နင့်ဆရာမ ဒီလောက်တောင်မှ မျိုးအောင်ချင်ရင် နင့်အဖေသာ မနက်ဖြန် ခေါ်သွားတော့..၊ သွားသွား ဒီကလေးတွေရှုပ်ကို ရှုပ်တယ်။

ကလေးမက သူ့အမေကို ကြောင်စစ မျက်လုံးနဲ့ ငေးကြည့်နေသည် ။ ပြီးတော့

သမီး။ ။အမေ ဘာလို့ အဖေကို ဆရာမဆီကို ခေါ်သွားရမှာလဲ..။

အမေက ခြေမြန်လက်မြန်ဖြင့် လက်ဖက်ရည် ဖျော်ခွက်ကို သူ့သမီးခေါင်းကို ခေါက်လိုက်၏ ။

အမေ။ ။ သွားသွား ဒီကလေးတွေ အလုပ်များပြီဆို ရှုပ်ကိုရှုပ်တယ် ၊ ဟိုမေး ဒီမေးနဲ့ သွားသွား

ကလေးမသည် ငိုမဲ့မဲ့မျက်နှာဖြင့် ဆိုင်ပြင်ထွက်သွား လေသည်။ ဒါပါပဲ ကျွန်တော်လည်း ဒါမျိုးဆို သေချာမှတ်မိတာ ကျောင်းစာသာ မေ့ရင်မေ့မယ်။ အပျင်းပြေပေါ့။ ရယ်ရရင် တော့အမြတ်ပေါ့။ ပျော်ရွှင်ရယ်မော နိုင်ပါစေ….။

မောင်နေ

ကဗျာ အတွေး ပိစိကွေး

လူတွေက ပြောကြတယ် “ ပြည့်စုံလာရင် ဖန်တီး လာချင်တယ်”။ ဒီစကား မှန်မမှန်တော့ မပြောတတ်။ကျွန်တော်တော့ တကယ် ဖန်တီး ချင်လာတယ်။ သူငယ်ချင်း မိတ်ဆွေတွေ ထဲက “သူငယ်ချင်း ဒါကိုယ်ရေးတဲ့ ကဗျာလေး ခံစားကြည့်ပါဦး၊ ဟိုဝတ္တု တွေကလည်း ကောင်းတယ် မြည်းကြည့်ပါဦး”။ ကိုယ်ကလည်း စာပေအခံလေး အသင့်အတင် ပါလေတော့ ဖတ်ရပြန်တယ်၊ မှတ်ရပြန်တယ်။ တခါတရံ ကာရန်လေး နဘေလေးက ရင်ကိုလာငြိရင် အလွတ်တောင် ကျက်လိုက်ရသေးတယ်။ သူငယ်ချင်းတွေ ဆုံရင် ကိုယ်ကလည်း အားကျမခံ ဖတ်ပြ ရွတ်ပြရတာပေါ့။ တခါတလေ အပြောခံရ သေးတယ်။ စာရူး ပေရူးတွေတဲ့။ ပြောကြပါစေ သူတို့မှ မရူးတတ်တာ။ သူတို့ရူးလည်း ကောင်းကောင်း ရူးတတ်မှာ မဟုတ်ပါဘူး။ အဲဒီအခါ ကျတော့လည်း ဟိုကဗျာလေး ဖတ်ပြရင်း အနိုင်ယူရတာပေါ့။ ဘာပါလိမ့်။ သြော်…သတိရပြီ။ “ လမင်းကို ခွေးဟောင်လို့ ၊ ရွှေလရောင် ပြောင်မပျက်၊ ထွန်းလျက်သာပင် ” ပေါ့။ သူတို့က ပြောသေးတယ် မင်းကဆဲ တာတောင် ကာရန်လေး နဘေလေးနဲ့ပေါ့ ဟဲဟဲ…ဘယ်ရမလဲ စာရူး ပေရူး လည်း အလှအပ လေးနဲ့ ဆဲတတ်ပါတယ်။ ဒါတွေထားပါ။ ဖန်တီးတဲ့ အပိုင်းကို ဆက်သွားကြတာပေါ့။ ဒီလိုပဲ သူများက ကဗျာတွေရေးတော့ ရေးချင်တာနဲ့ ရေးမယ်ပေါ့။ အကျအန ပေါ့ဗျာ။ ကော်ဖီလေးဖျော် စာရွက်ခဲတံ အို…အစုံပေါ့ဗျာ။ စုံပြီဆိုတော့ ရေးမယ်ပေါ့ ဟန်ပြင်နေတာ နာရီဝက်လောက်ကြာမယ်။ အဲ…. ဒီတော့မှ မေ့နေတာ ဘယ်မှာလဲ အတွေး အို…အတွေး လာစမ်းပါဟ။ ခေါင်းတွေ ဘာတွေကုတ် ကော်ဖီလေးငုံ ဆေးလိပ်သောက်လိုက် ပြင်ဆင်ထားတာ တွေသာ ကုန်သွားတယ်။ အတွေးက ဘယ်ဆီနေမှန်း မသိဘူး အို…ရှုပ်ပါတယ် ဒီမရှိတဲ့ အတွေးကို ကဗျာရေးတာပဲ ကောင်းပါတယ်။ မရှိတဲ့ အတွေးကို တွေးရပြန်တယ်။ ကဲ…ကြာနေပြီဟ ထွက်သမျှ အကုန်ရေးချ (အတွေးကို ပြောတာ)

ငုတ်စိအတွေး၊ရေးတေးတေးနှင့်
သူများကဗျာ၊ကိုယ့်ကဗျာပေါ့
စာသားလှသမျှ၊ အကုန်ကူးချ
မရှိအတွေး၊ရှိအောင်ရေးမဟ
ပေါ်သမျှသွန်ချ၊အိတ်သွန်ဖာမှောက်
ဟဲ့ဟဲ့..အတွေး၊မင်းဘယ်ပြေးမလဲ
သူများကဗျာရေး၊ငါလည်းရေးမပေါ့
သူများတွေလှ၊ငါလည်းလှမပေါ့ (ကဗျာ)
သူများတွေကိုအားပေး၊ငါ့ကိုအားမပေးလည်း
တစ်နေ့ခေါက်ခါ၊ဖတ်မယ်သက်စေ့
သူငယ်ချင်းလူစုံ၊ပြောရအမော
မဖတ်ပြန်လေ၊စိတ်တိုရတစ်မျိုး
ဝေဖန်လေတော့၊စိတ်ဖြေနှလုံး
သူတို့များမှာ၊မရှိလေသလား
မသိလေသလား၊ကဗျာဥာဏ်ခံ
ကဲကဲ...ငုတ်စိအတွေး၊ပိစိကွေးလည်း
ကဗျာတစ်ပုဒ်၊ဖြစ်ဖြစ်မြောက်မြောက်
ပေါက်ရောက်စေမပေါ့၊မစသိကြား
အတွင်း ၃၇ ၊အပြင် ၃၇ မကျန်
မစစေသား ၊ ပေါက်မြောက်စေသား
ဗေလုနတ်စောင်း ၊ အပြင်းအထန်လှော်တဲ့
အရှင်နတ်သား ၊ ဂရုဏာထားကာ
ဘလော့ဂါတစ်ခွင်မှာ ၊ ပြဲပြဲစင်အောင်
မစစေသား ၊ အပူကပ်တိုင်ကြား လိုက်ပါကြောင်း......။
မှတ်ချက်။ ။ သတင်းဖြန့်ပေး သူများအား တိုးတိုး တိတ်တိတ် ပြုစုပါမည်။
မောင်နေ