Saturday, 13 September 2008

ဒဏ်ရာတွေနဲ့ခြေတစ်စုံ....

သူမနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်တာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီအင်တာနက် ဆိုတဲ့လမ်းမကြီး ပေါ်မှာပြန် တွေ့တာတော့ မကြာသေးပါဘူး။ ငယ်ငယ်ကျောင်းသား ဘ၀က သတိမထားမိ ခဲ့ကြပေမဲ့ ဒီလိုမိဝေး ဖဝေး ရေခြားမြေခြားအရပ်ကြီးမှာ အင်တာနက်ကြီး ကနေကျောင်းတူတူ
တက်ခဲ့ရတဲ့ သူမနဲ့ပြန် ဆုံခဲ့တယ်လေ။ နွေးထွေးတဲ့ပျော်ရွှင်မှု တွေပါတဲ့သူမရဲ့ အသံစူးစူးလေး ဟာအထီးကျန် ဆန်သော ကျွန်တော်ဘ၀ကို နွေးထွေးလန်းဆန်း ခဲ့ပါတယ်။ တစ်ပတ်မှာ တစ်ချိန်သာ တွေ့ရတဲ့အချိန် လေးဟာ ကျွန်တော်အတွက်တော့ တွယ်တာတန်ဖိုးထားမိတာ အမှန်ရိုးပါပဲ။ တစ်ယောက်နဲ့ တစ် ယောက်ရှေးဟောင်းနှောင်း ဖြစ်တွေပြောကြ၊ ကျောင်းသားဘ၀က ဟာသလေးတွေ ပြန်ပြောရင်း နဲ့ကျွန်တော်တို့ ဆုံတွေ့ချိန်လေး ဟာအမြဲလိုလို သစ်လွင်နွေးထွေးခဲ့ပါတယ်။ အတိုင်းအတာ တစ်ခု အထိသံယောဇဉ်တွယ်တာ မိတာတော့ အမှန်ပါပဲ။ သူမဘက်ကတော့ ကျွန်တော်မသိနိုင်ဘူးလေ။ မှတ်မှတ်ရရပါပဲဗျာ။ အဲဒီနေ့က အခန်းထဲစိုက်ထားတဲ့ပိန်းပင်လေးက အပွင့်လေးပွင့်လို့။ သူမနဲ့အ ပြင်မှာသာ တွေ့ရင်ဘာပန်းတွေ လက်ဆောင်ပေးရင် ကောင်းမလဲလို့ စိတ်ကူးတွေတောင်ယဉ်မိ နေသေးတယ်။ ကွန်ပျူတာပေါ်မှာ သူမ ရောက်ရှိပြီဖြစ်ကြောင်း အချက်ပြ အရောင်လေးက
မငြီးမ ငွေ့ စောင့်ဆိုင်းနေမိတယ်။ သူမရောက်လာ တော့သူမပြောတယ်။ ကျောင်းတုန်းက သူငယ်ချင်း တွေနဲ့တွေ့တော့ နင်အကြောင်း ပြောမိကြသေးတယ်။ သူတို့နင့်ကိုပြောကြတယ် သိလားဟာ။ နင်စိတ်မကောင်း မဖြစ်ပါနဲ့နော်။ ငါ့သူငယ်ချင်းက ပြောတယ်သိလား။ ကျောင်းတုန်းက ကျောင်းလာ ရင်ဖိနပ်တောင် မစီိးနိုင်တဲ့အကောင်ကိုများနင်ကရေးကြီးခွင် ကျယ်လုပ်လို့ စကားပြောနေသေး တယ်ဟာတဲ့။ ငါလည်းဘာမျှပြန် မပြောချင်တာနဲ့ ဒီအတိုင်းပဲနေလိုက်မိတယ်။ စိတ်ထဲမှာတော့ ဘယ်ကောင်းမလဲဟာ။ နင်စိတ်မကောင်း မဖြစ်ပါနဲ့ဟာ။ ငါစိတ်ထဲမှာတော နင်ကအကောင်းဆုံး သူငယ်ချင်းပါဟာ။ တစ်ပတ်မှာတစ်ခါသာ တွေ့ရတဲ့အချိန်လေးက ဒေါသစကားတွေ၊ ချေပချက်တွေနဲ့ အဆုံးမသတ်ချင်တာနဲ့ ကျွန်တော်က နင်မေ့လိုက်ပါဟာလို့ပဲ ပြောလိုက်တယ်လေ။ သူမသူငယ်ချင်းတွေ ပြောကြတာလည်း အမှန်ပါဘဲ။ ငယ်ငယ်၇တန်း၈တန်း ကျောင်းသားဘ၀အထိ ကျနော့်ခြေထောက်မှာ ရံဖန်ရံခါသာ ဖိနပ်ပါခဲ့တယ်။ သူတို့ပြောတာ မမှန်ကြောင်းလည်း မငြင်းပါဘူး။ ဒါပေမဲ့ငယ်ငယ်က ဖိနပ်မစီးနိုင်တာနဲ့ သူငယ်ချင်းပေါင်းခွင့် မရတော့ဘူးလား။ ဖိနပ်မစီးခဲ့ရတဲ့ခြေထောက် တစ်စုံရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေတယ်ဆိုတာ မသိပဲနဲ့ဘာလို့များ ဒီလိုပြောကြရတာလဲး။ ကျွန်တော်တို့အိမ်က မိသားစုများပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလဲ မတိမ်းမယိမ်းတွေဘဲလေ။ ကျွန်တော်ကဒုတိယသားပါ။ အကိုကြီးရှိပေမဲ့ သူကငယ်ငယ်ကတည်းက အဖွားအိမ်မှာဘဲ နေတာလေ။ အိမ်မှာတော့ ကျနော်က အကြီးဆုံးဖြစ်နေတာပေါ့။ ကျွန်တော်တို့အိမ်မှာ ဘယ်တော့မှ အယောက်အပြည့် ဖိနပ်မရှိခဲ့ပါဘူး။ အမေ၀ယ်ရင်လည်း အကုန်စီးလို့ရတဲ့ ကြက်ပေါင်ဖိနပ်သာ ဝယ်လေ့ရှိပါတယ်။ တစ်ခါတစ်ခါ ညီမအလတ်က မတော်တရော်တွေစီးပြီး ဖျောက်ခဲ့ကျန်ခဲ့တာတွေ ရှိသေးတယ်။ တော်တော်လည်း ကျပ်တည်းဆင်းရဲခဲ့ပါတယ်။ အဖေနဲ့ အမေက မနက်အလုပ်သွားရင် အိမ်ကိစ္စအ၀၀က ကျွန်တော်ပဲလုပ်ရတာပဲလေ။ သားယောင်္ကျားလေး မွေးထားတော့ ဒီလောက်တော့လုပ်နိုင်ရမှာပေါ့ဗျာ။ ဒါပေမဲ့ကျွန်တော်မိဘတွေက ကျွန်တော်တို့ ကို တစ်ယောက်မှမကျန် ကျောင်းထားတယ်လေ။ နေ့တိုင်းကျောင်းသွားခိုင်းတယ်။ ရွာကနေ တစ်နာရီလောက် လမ်းလျှောက်သွားရတယ်။ နောက်ဆုံးအိမ်က ထွက်တဲ့သူဟာ ဖိနပ်စီးရဖို့မသေချာပါဘုး။ ကျွန်တော်အလျင်အမြန် ထွက်ရင်ရပါတယ်။ ဒါပေမဲ့ကျွန်တော်အမြဲ အိမ်ကနောက်ဆုံးမှထွက်ပါတယ်။ ကျွန်တော်အိမ်က နောက်ဆုံးကထွက်ရမယ်လို့ ဘယ်သူမှ သင်မပေးသလို သင်ပေးစရာလည်း လိုမယ်မထင်ပါဘူးဗျာ။ ဒီလောက်တော့ သားအကြီးတစ်ယောက် ကသိရမှာပေါ့။ ဒီအတွက်ကြောင့် ကျွန်တော်ဖိနပ်မစီးပဲနဲ့ ကျောင်းသွားတယ်။ ကျောင်းတက်တယ် ဆရာတွေသင်တာ ခိုင်းတာလုပ်တယ်လေ။ ဘယ်သူကိုမှလည်း ဘာမှလုပ်ခဲ့ပါဘူးဗျာ။ ဒီဖိနပ်မစီးနိုင်တဲ့ ခြေတစ်စုံဟာလည်း ပညာတွေသင်ယူခဲ့ပါတယ်။
သူငယ်ချင်းရေ……
တစ်ခါတစ်ခါလေ..
လူတွေကိုးကွယ်ကြတဲ့အထဲမှာ…
ဖိနပ်တစ်ရံလည်းပါတယ်ကွာ……

ကျွန်တော်သူတို့ပြောတာ ၀မ်းလည်းမနည်းသလို စိတ်လည်းမတိုပါဘူး။ ဒါပေမဲ့ဗျာ ဘာဝတ်တာကိုပဲကြည့်ပြီး သူဘာတွေလုပ်နေတယ် ဘာတွေကြောင့် ဒီလိုဖြစ်ခဲ့တယ် မသိပဲနဲ့အရမ်း မပြောသင့်ပါဘူးဗျာ။ နောက်ဆုံးတော့လည်း ဆရာတော်ဦးဇောတိက ဟောသလို သူများပါးစပ်လှုပ်သလောက် မင်းစိတ်လှုပ်ရှားနေရင် မင်းဘ၀သူ့ပါးစပ်ထဲတင် လမ်းဆုံးနေပြီတဲ့။
ဒီလိုနဲ့ပဲဖိနပ်မစီးခဲ့ရတဲ့ ခြေတစ်စုံ ဆက်လက်ခရီးဆက်ခဲ့ပါတယ်။

မှတ်ချက်။ သူငယ်ချင်းတစ်ယောက်၏ ဖြစ်ရပ်မှန်ကို ပြန်ပြီး ခံစားရေးသားပါတယ်။ သူတို့နှစ်ယောက် အခုဆို အရမ်းကိုချစ်ကြတဲ့ ချစ်သူတွေဖြစ်နေကြပြီလေ။ တစ်ယောက်ကိုတစ်ယောက် အရမ်းနားလည်ကြတဲ့ ချစ်သူတွေပါ။ ပျော်ရွှင်ကြပါစေ။ ချစ်သူတိုင်းညားကြပါစေ။

မောင်နေ

8 comments:

mgngal said...

ဟာဗျာ ဖတ်ရင်းနဲ့ ရင်ထဲမှာ နင့်နေတာပဲ။ကောင်းလိုက်တဲ့ 
အရေးအသား။ရိုးရိုးလေးနဲ့ ထိတယ်ဗျ။

ကိုရင်ညိန်း said...

အလန်တွေပါ့လား ကိုယ့်လူ...
ပစ်စလတ်ခတ် ကောင်းတယ် ....
တကယ် ...
အဟေးဟေး ...

Anonymous said...

ခုလို ပျော်ရွှင်စရာဇာတ်လမ်းလေးဖြစ်သွားတဲ့တွက် ချစ်သူနှစ်ယောက်အတွက် ၀မ်းသာပါတယ် ။

ညိမ်းညို said...

သူငယ်ချင်းရေ မင်းစာရေးတာ ပြေပြေညက်ညက်နဲ့ ဖတ်လို့သိပ်ကောင်းတာပဲကွာ။
စကားပြေဖြစ်ဖြစ်၊ ကဗျာတွေဖြစ်ဖြစ် မင်းရေးထားတာဖတ်ရရင် သိပ်အေးချမ်းတာပဲ။
ပျော်ရွှင်ပါစေ သူငယ်ချင်းရေ
အိမ်ပြန်ရမဲ့ရက်တွေ နီးလာပီနော် :)

နေရီနွယ် said...

သူငယ်ချင်း အရမ်းကောင်းတယ် အားရင်ငါ့အိမ်ကိုလည်းလာလည်အုံးဟ

ဖြိုးငယ် said...

အရေးအသားကလည်းကောင်း ... အကြောင်းအရောလေး နဲ့ပေါင်းလိုက်တော့ ဖတ်ရတဲ့သူရင်ထဲ ဗြောင်းဆန်ကုန်တယ် သူငယ်ချင်းရေ .. ကောင်းတယ်ဟေ့

မီးငယ် said...

အစ်ကိုရေဇာတ်လမ်းလေးကအရမ်းကောင်းတာပဲ..တစ်ချို့ကအဲလိုပဲအစ်ကိုရေ..အပြင်ပန်းကပဲကြည့်တာအရည်အချင်းကိုမကြည့်ကြဘူး..လူမှာအရည်အချင်းကအဓိကပါအစ်ကိုရယ်..အစ်ကို့သူငယ်ချင်းကိုလည်းပြောပြလိုက်ပါနော်..

Anonymous said...

မိုက်တယ် ကိုယ့်လူရေ... ဂွတ်တယ်... ဒီလိုမျိုးလေးတွေ ရေးပါဦး.. ဇာတ်လမ်းလေး လာအပ်ချင်လို့... အဟတ်ဟတ်...